ထရမ့်က သံမဏိအတွက် အကောက်ခွန်ကို ၅၀% အထိ တိုးမြှင့်မည်ဟု “အဓိက ကြေညာချက်” ထုတ်ပြန်

News Image

  • ထရမ့်က သံမဏိအတွက် အကောက်ခွန်ကို ၅၀% အထိ တိုးမြှင့်မည်ဟု “အဓိက ကြေညာချက်” ထုတ်ပြန်

သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်သို့ တင်သွင်းသည့် သံမဏိပစ္စည်းများအား လက်ရှိ အကောက်ခွန် ၂၅% မှ ၅၀% အထိ တိုးမြှင့်မည်ဟု သောကြာနေ့ (မေ ၃၁) တွင် ကြေညာခဲ့သည်။

ပဲန်ဆီလ်ဗေးနီးယားပြည်နယ်၊ ဝက်စ်မစ်ဖလင်းမြို့ရှိ US Steel စက်ရုံတွင် မိန့်ခွန်းပြောကြားစဉ် ထရမ့်က ၎င်း၏ “အဓိကကြေညာချက်” အဖြစ် အဆိုပါဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ အမေရိကန် သံမဏိ လုပ်သား များ၏ အားပေးသံများကြားတွင် ၎င်းက “အမေရိကန် သံမဏိလုပ်ငန်း ကို ကာကွယ်ရန် အကောက်ခွန်ကို ၅၀% အထိ တိုးမည်” ဟု ပြောကြား ခဲ့သည်။

“အမေရိကန်ပြည်ထောင်စုထဲကို တင်သွင်းသည့် သံမဏိအတွက် အကောက်ခွန်ကို ၂၅% ကနေ ၅၀% အထိ တိုးပါမည်။ ဒါက အမေရိကန်၏ သံမဏိလုပ်ငန်းကို ပိုမိုလုံခြုံစေမည်ဖြစ်ပြီး မည်သူမျှ ဒီအဆင့်ကို ကျော်ဖြတ်၍ မရပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က မူလက ၄၀% အကောက်ခွန် စဉ်းစားထားသော်လည်း လုပ်ငန်းရှင် များက “၅၀% ဖြစ်မှ ထိရောက်မည်” ဟု အကြံပြုခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

“၂၅% ဆိုပါက ၎င်းတို့အနေဖြင့် အတန်ငယ် ရုန်းကျော်နိုင်သော်လည်း ၅၀% ဆိုလျှင် မည်သူမျှ မကျော်နိုင်တော့ပါ” ဟု ဆိုသည်။

နောက်ပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “အကောက်ခွန် အသစ်သည် ဇွန်လ ၄ ရက်၊ ဗုဒ္ဓဟူးနေ့မှ စတင်အကျိုးသက်ရောက်မည်” ဟု ထပ်မံအတည်ပြုခဲ့သည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂