၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိဟု ထရမ့်ပြောကြား
မီဒီယာများက ကိုယ်စားလှယ်ဆန္ဒမဲ ၂၇၀ ထက် မနည်းရရှိမည်ဟု ခန့်မှန်းခဲ့ပြီးနောက် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပြိုင်ပွဲတွင် မိမိအနိုင်ရရှိခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်အစောပိုင်းက ကြေညာ ခဲ့သည်။
အမေရိကန်သမ္မတရာထူးကို ရရှိရန် ကိုယ်စားလှယ်ဆန္ဒမဲအနည်းဆုံး ၂၇၀ လိုအပ်သည်။
ဖလော်ရီဒါ West Palm Beach ရှိ ၎င်း၏ ရွေးကောက်ပွဲရုံးချုပ်၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန်ကို ကုစားရန် ကတိပေးခဲ့သလို အမေရိကန်-မက္ကဆီကို နယ်စပ်ကိုလည်း ပြင်ဆင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
မိမိတို့နိုင်ငံအနေဖြင့်မည်သည့်အခါမျှမမြင်တွေ့နိုင်သည့် နိုင်ငံရေးအောင်ပွဲတစ်ခုဖြစ်ကြောင်း၊ (၄၅) ဦးမြောက် အမေရိကန်သမ္မတနှင့် (၄၇)ဦးမြောက် အမေရိကန်သမ္မတအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ မိမိကိုရွေးချယ်ခဲ့သည့်အတွက် အမေရိကန်ပြည်သူများကို ကျေးဇူးတင်ကြောင်း ထရမ့်ကပြောကြားလိုက်သည်။
အမေရိကန်ပြည်သူများအတွက်သာမက အမေရိကန်ပြည်သူများ၏ အနာဂတ်အတွက်ပါ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်သူများနှင့် အနာဂတ်ရင်သွေးများအတွက် ထိုက်တန်သည့် ဘေးကင်းစိတ်ချ၊ သန်မာအားကောင်းပြီး ပြည့်စုံကြွယ်ဝသည့် နိုင်ငံတော်ကြီးကို မဆောင်ကြဉ်းပေးနိုင်သရွေ့ မိမိအနားယူမည် မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အကြီးအကျယ်ယှဉ်ပြိုင်ရသည့် ပြည်နယ် ခုနစ်ခုအနက် ပြည်နယ်သုံးခုတွင် မစ္စတာထရမ့် အနိုင်ရလိမ့်မည်ဟု မီဒီယာများက ခန့်မှန်းခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်အစောပိုင်းတွင် ထရမ့်က အောင်ပွဲမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မစ္စတာထရမ့်သည် ၎င်း၏ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတလောင်းနှင့် လက်ရှိအမေရိကန် ဒုတိယသမ္မတ ကာမလာဟားရစ်ကို ပြည်နယ်လေးခုတွင် ဦးဆောင်လျက်ရှိသည်။
ဆန္ဒမဲများကို နိုင်ငံတစ်ဝန်းဆက်လက်ရေတွက်နေချိန်တွင် ဟားရစ်၏ အိမ်ဖြူတော်သို့ ရောက်ရှိရေး မျှော်မှန်းချက်မှာ တဖြေးဖြေးမှေးမှိန်လာလျက်ရှိသည်။ ဟားရစ်သည် ရွေးကောက်ပွဲညတွင် ၎င်း၏ ထောက်ခံသူများကို စကားပြောနိုင်ဦးမည် မဟုတ်ကြောင်းနှင့် ဆန္ဒမဲများကို အပြီးသတ်မရေတွက်ရသေးကြောင်း အမေရိကန်ဒုသမ္မတ ကာမလာဟားရစ်၏ မဲဆွယ်စည်းရုံးရေးကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ
Source: ၇-၁၁-၂၀၂၄ ရက်စွဲထုတ် မြန်မာ့အလင်းသတင်းစာ