မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

News Image

  • မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ် လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေ ၃၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး တစ်ဦးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက် သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ယဉ်နွဲ့(၅၃)နှစ်သည် ကျောင်းအပ်နှံမှုလက်ခံရေးဆောင်ရွက်ရန် ၎င်းနေအိမ်မှ ကျောင်းသို့ ထွက်ခွာလာစဉ် ကျောင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး “ကျောင်းဖွင့်နေတာ သိတယ်၊ ကျောင်းအပ်လက်ခံနေတာသိတယ်၊ ရပ်တန်းကရပ်၊ မရပ်လျှင်သတ်ပစ်မယ်၊ ခရီးမသွားရ၊ နေအိမ်တွင်သာ နေထိုင်ရန်” ဟုခြိမ်းခြောက်ပြောဆို၍ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် အဆိုပါကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်နွဲ့ပါ ကျောင်းဆရာမ သုံးဦး၊ အထွေထွေလုပ်သား တစ်ဦးရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူ ၆၃ ဦးအား ကျောင်းအပ်လက်ခံထားရှိပြီး ဖြစ်ကြောင်း သိရသည်။      

အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျောင်းအပ်လက်ခံရေး ဆောင်ရွက်နေသည့် ကျောင်းဆရာ/ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA