သဘောထားကွဲလွဲမှု ဖြစ်ပွားပြီး ဝန်ကြီးချုပ် နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂါးလန့်ကို ရာထူးမှထုတ်ပယ်
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယုံကြည်ချက်ပျက်ပြားမှုကြောင့် ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂါးလန့်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းနှင့် ဂါးလန့်တို့အကြား လွန်ခဲ့သည့် လအနည်းငယ်အတွင်း ယုံကြည်မှုပျက်ပြားသွားခဲ့ကြောင်း ဖော်ပြထားသည်။ အစ္စရေးနိုင်ငံ၏ လုံခြုံရေးသည် ၎င်း၏တာဝန်ဖြစ်ကြောင်းနှင့် မိမိတွင် တာဝန်အဖြစ် အမြဲတမ်းဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဂါးလန့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။
အဆိုပါပုဂ္ဂိုလ် နှစ်ဦးသည် ဂါဇာကမ်းမြောင် စစ်ဆင်ရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်နေတန်ယာဟုက သဘောထားတင်းမာမှုကို စွဲကိုင်ထားပြီး ကာကွယ်ရေးဝန်ကြီး ဂါးလန့်က ဖမ်းဆီးခံထားရသည့် ဓားစာခံများ လွတ်မြောက်ရေးအတွက် ဟားမားစ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများကို အစ္စရေးအနေဖြင့် လိုက်လျောရန်လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်သွားမည်ဟု နေတန်ယာဟုက ပြောသည်။ ကတ်ဇ်၏နေရာကို စက်တင်ဘာလက ညွန်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်ခဲ့သော ဂီဒေါင်ဆားနှင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ခန့်အပ်လုပ်ဆောင်မှုများသည် ညွန်ပေါင်းအဖွဲ့ကို တည်ငြိမ်စေရန် ရည်ရွယ်ပုံရသည်။
အင်န်အိတ်ချ်ကေ
Source: ၇-၁၁-၂၀၂၄ ရက်စွဲထုတ် မြန်မာ့အလင်းသတင်းစာ