ကုန်သွယ်ရေးစင်္ကြံအတွက် ထိုင်း-ဗီယက်နမ်-တရုတ်တို့အား ဆက်သွယ်ပေးမည့် R12 လမ်းမကြီးတည်ဆောက်ရေးစီမံကိန်း လာအိုတွင် စတင်
ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် R12 အမည်ရှိ ကုန်သွယ်ရေးလမ်းမကြီးအား လာအိုနိုင်ငံတွင် စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency-Neda) ဥက္ကဋ္ဌ Perames Vudthitornetiraks က ပြောကြားလိုက်ပါသည်။ အဆိုပါလမ်းမကြီး၏ စုစုပေါင်းအရှည်မှာ ၁၄၇ ကီလိုမီတာရှိမည်ဖြစ်ပါသည်။
R12 အမြန်လမ်းမကြီးတည်ဆောက်ခြင်းအား ထိုင်းနိုင်ငံ Nakhon Phanom နယ်စပ်ဂိတ်မှ ၁၇ ကီလိုမီတာအကွာတွင် တည်ရှိသည့် လာအိုနိုင်ငံ၏ Khammouane ပြည်နယ်ရှိ Thakhek မြို့မှ စတင်ဆောင်ရွက်မည် ဖြစ်ပြီး Yommalath နှင့် Boualapha မြို့များကိုလည်း ဆက်သွယ် ပေးမည်ဖြစ်ပါသည်။ ထို့နောက် လမ်းမကြီးတည်ဆောက်မှုမှာ ဗီယက်နမ် နိုင်ငံ Quang Binh ပြည်နယ်ရှိ Cha Lo နယ်စပ်ဂိတ်နှင့် မျက်နှာချင်း ဆိုင်တွင်ရှိသည့် လာအိုနိုင်ငံ Napao နယ်စပ်ဂိတ်တွင် ပြီးဆုံးမည် ဖြစ်သည်။
အဆိုပါလမ်းမကြီးသည် ထိုင်း-ဗီယက်နမ် ကုန်သွယ်ရေးလမ်းကြောင်းကို လွယ်ကူချောမွေ့စေရုံသာမက ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆက်သွယ် နိုင်ရန် လမ်းကြောင်းတစ်ခုအဖြစ်လည်း အရေးပါသည့်စီမံကိန်း ဖြစ်ပါသည်။ အဆိုပါအမြန်လမ်းမကြီးတည်ဆောက်မှုပြီးစီးပါက ထိုင်းနိုင်ငံ Nakhon Phanom မှ ဗီယက်နမ်သို့ ကားဖြင့်သွားရောက်ရာတွင် လက်ရှိကြာမြင့်ချိန် ၁၀ နာရီမှ ၄ နာရီသို့ လျှော့ချပေးနိုင်မည်ဖြစ်ပါသည်။ လမ်းမကြီး ဖွင့်လှစ်ပြီး ပထမနှစ်အတွင်း ထိုင်းနိုင်ငံ၏ GDP မှာ ဘတ် ၁.၅၁ ဘီလီယံ အထိ လည်းကောင်း၊ ဒုတိယနှစ်မှ ပဉ္စမနှစ်အတွင်း နှစ်စဉ် ဘတ် ၂.၈၄ ဘီလီယံ အထိလည်းကောင်း ရရှိလာမည်ဟု ခန့်မှန်းထားပါသည်။
အဆိုပါလမ်းမကြီးစီမံကိန်းအတွက် Neda အေဂျင်စီအနေဖြင့် လာအို အစိုးရအား အတိုးနှုန်းသက်သာစွာဖြင့် တစ်နှစ်လျှင် ၁.၇၅%ဖြင့် ဘတ်ငွေ ၁.၇၄ ဘီလီယံ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ Perames က ပြောကြားခဲ့ပါသည်။ ချေးငွေပြန်ဆပ်ရမည့်ကာလမှာ စုစုပေါင်း နှစ် ၃၀ ကြာမြင့်မည်ဖြစ်သည်။ မိုးရာသီကာလပြီးဆုံးပါက လမ်းမကြီးအား စတင် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလမှာ လ ၃၀ ခန့် ကြာမြင့်မည်ဟု မျှော်မှန်းထားပါသည်။
အဆိုပါစီမံကိန်းတွင် လမ်းမကြီးအား Asian Highway စံချိန်စံညွှန်း များနှင့်အညီ အဆင့်မြှင့်တင်ခြင်း၊ နယ်စပ်စစ်ဆေးရေးစခန်းများ၊ ရုံးခန်းများ၊ ကုန်သွယ်ရေးစခန်းများ၊ သိုလှောင်ရုံများ၊ အများပြည်သူသုံး ဝန်ဆောင်မှု များနှင့် နယ်စပ်အပန်းဖြေစခန်းများ တည်ဆောက်ခြင်းတို့ ပါဝင်မည် ဖြစ်ပါသည်။ ထို့ပြင် ရပ်ကွက်အတွင်းရှိ လမ်းဆုံများတွင် လျှပ်စစ် ဓာတ်အားပေးစနစ်များ ပြုပြင်သွားမည်ဖြစ်ပြီး အန္တရာယ်ရှိသော နေရာ များတွင် လုံခြုံရေးစနစ်များ တပ်ဆင်ကာ ခရီးသွားဧည့်ဝန်ဆောင်မှု များလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃