နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက် အခါသမယ၌ သမ္မတရှီနှင့် မြန်မာနိုင်ငံ အကြီးအကဲတို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့

News Image

  • နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက် အခါသမယ၌ သမ္မတရှီနှင့် မြန်မာနိုင်ငံ အကြီးအကဲတို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာနိုင်ငံ အကြီးအကဲ မင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်မြောက် အထိမ်းအမှတ် အခါသမယအတွက် ဇွန် ၈ ရက်၌ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့ကြသည်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ လွန်ခဲ့သော ၇၅ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမှာ အချိန်ကာလ၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံလျက် ပို၍ပင် ခိုင်မာ အားကောင်းလာခဲ့သည်ဟု ရှီ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

နှစ်နိုင်ငံအနေဖြင့် အတူတကွ ထောက်ခံအားပေးခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်တို့ကို ထိန်းသိမ်းလျက် အိမ်နီးချင်းကောင်း မိတ်ဖက် ဆက်ဆံရေး အတွက် ကတိကဝတ်ပြုကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်း ဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ခဲ့ပြီး မိမိတို့၏ သက်ဆိုင်ရာ ပင်မအကျိုးစီးပွားနှင့် အဓိက အလေးထား စရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန်အားဖြင့် ခိုင်ခိုင်မာမာ ပံ့ပိုးကူညီခဲ့ကြရာ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှု၏ စံနမူနာကောင်းတစ်ခုကို ချမှတ်ခဲ့သည်ဟု ရှီက ဆိုသည်။

မေလအတွင်း ရုရှားနိုင်ငံ၌ မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ်က တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး အကြား အရေးကြီး ဘုံသဘောတူညီမှု ရရှိခဲ့သည်ကိုလည်း ရှီက ပြန်ပြောင်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်မှုအပေါ် များစွာအလေးထားပြီး သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်မြောက် အခါသမယအား အခွင့်အလမ်းအဖြစ် အသုံးချ၍ ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန်၊ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်တို့ကို အတူလက်တွဲ အကောင်အထည်ဖော်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရာ၌ ခိုင်မာအားကောင်းသော တိုးတက်မှုများရရှိရေးအတွက် တွန်းအားပေးဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးကို ပိုမိုသယ်ပိုးနိုင်ရန် အသင့် ရှိပါကြောင်း ရှီက အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။         

 ကိုးကား- ဆင်ဟွာ