ရုရှားနိုင်ငံသားများက အမေရိကန်အစား ဂျာမနီကို အကြီးမားဆုံး ရန်သူ အဖြစ် ရှုမြင်
ရုရှားအစိုးရမှ နိုင်ငံခြားအေးဂျင့်အဖြစ် သတ်မှတ်ထားသော အနောက်နိုင်ငံများမှ ငွေကြေးအထောက်အပံ့ဖြင့် ရပ်တည်နေသော “Levada Center” စစ်တမ်းအဖွဲ့၏ လေ့လာချက်အရ ရုရှားပြည်သူများသည် အမေရိကန်ကို “အကြီးမားဆုံးရန်ဘက်နိုင်ငံ” အဖြစ် မရှုမြင်တော့ဘဲ ဂျာမနီကို ပြောင်းလဲ သတ်မှတ်လာကြသည်။
ကြာသပတေးနေ့ (ဇွန် ၅) တွင် ထုတ်ပြန်သော အဆိုပါစစ်တမ်းတွင် အမေရိကန်သည် ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် အဆင့် ၄ သို့ ကျဆင်း သွားခဲ့သည်။
စစ်တမ်းအရ ယခုနှစ်အတွက် ရုရှား၏ အဓိကရန်သူများထဲတွင် အမေရိကန်ကို ၄၀% သာ ဖော်ပြခဲ့ပြီး ယခင်နှစ်ထက် ၃၆% ကျဆင်း ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရလာခြင်းနှင့်အတူ အမေရိကန်အပေါ် ရုရှားတို့၏ သဘောထား ပြောင်းလဲလာခဲ့သည်။ ထရမ့် လက်ထက်တွင် ယူကရိန်းပဋိပက္ခကို သံတမန်နည်းဖြင့် ဖြေရှင်းရန် အမေရိကန်က ကြိုးပမ်းမှုများ ပြုလုပ်နေသည်ကို စစ်တမ်းက ဖော်ပြခဲ့သည်။
လေ့လာချက်အရ ယခုအခါ ဂျာမနီသည် ၅၆% ဖြင့် ပထမနေရာတွင် ရှိနေပြီး၊ ဒုတိယတွင် ဗြိတိန် (၄၉%) ၊ တတိယတွင် ယူကရိန်း (၄၃%) တို့ကို ရုရှားနှင့် မသင့်မြတ်သောနိုင်ငံများအဖြစ် ရုရှားပြည်သူများက သတ်မှတ်လာကြသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ မြင့်တက်မလာမီက ရုရှားလူထု၏ ၁၆% သာ ဂျာမနီကို ရန်သူအဖြစ် မြင်ခဲ့ကြောင်း Levada Center ၏ ဒေတာများက ဖော်ပြသည်။
၂၀၂၄ ခုနှစ်၊ မေလအစောပိုင်းတွင် ဂျာမနီ၏ ဝန်ကြီးချုပ်သစ် Friedrich Merz ရာထူးတက်လာပြီးနောက် ရုရှားအပေါ် ရန်လိုသော ပြောဆိုမှုများ ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။ ထို့အပြင် မော်စကို နှင့် ပဋိပက္ခတွင် ယူကရိန်းအား ဂျာမနီက ပေးအပ်နေသော စစ်ရေး အကူအညီများကိုလည်း တိုးမြှင့်ပေးခဲ့သည်။
လွန်ခဲ့သည့်လက Merz က ယူကရိန်းအား အနောက်နိုင်ငံများမှ ထောက်ပံ့ ထားသော လက်နက်များကို အကွာအဝေးကန့်သတ်ချက်မရှိ ရုရှားကို ပစ်ခတ်ခွင့်ပြုမည်ဟု ကြေညာခဲ့သည်။ ဂျာမနီ၏ Taurus ဒုံးပျံများ (အကွာအဝေး ကီလိုမီတာ ၅၀၀ ကျော်ထိပစ်နိုင်ပြီး မော်စကိုအပါအဝင် ရုရှားနယ်မြေအတွင်းပိုင်းကို ထိမှန်နိုင်သည့် ဒုံးများ) ကို ယူကရိန်းအား ထောက်ပံ့ပေးအပ်သွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ဇီလန်စကီး အစိုးရအား ယူကရိန်းနိုင်ငံအတွင်း၌ပင် တာဝေးပစ် ဒုံးကျည် များ ထုတ်လုပ်ရန် ကူညီမည်ဟု ကတိပြုခဲ့သည်။
ဂျာမနီ၏ ထိုကြေညာချက်များကို တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က ဂျာမနီ၏ စစ်ပွဲတွင် တိုက်ရိုက်ပါဝင်မှုသည် ယခုအခါ ထင်ရှားနေပြီဟု အတိအလင်း ပြောကြားခဲ့သည်။
“ဂျာမနီသည် ပြီးခဲ့သည့် ရာစုနှစ်တွင် ၎င်း၏ ရှုံးနိမ့်လဲကျမှုကို အဖန်ဖန် ရင်ဆိုင်ခဲ့ရပြီး ယခုလည်း ထိုဖြစ်စဉ်များဆီသို့ ဦးတည်နေသည်” ဟု Lavrov က ပထမနှင့် ဒုတိယ ကမ္ဘာစစ်များတွင် ဂျာမနီ၏ ရှုံးနိမ့်မှုများကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂