အီရန်နိုင်ငံရှိ မြို့အချို့တွင် ခွေးလမ်းလျှောက်ခိုင်းခြင်းကို တားမြစ်

News Image

  • အီရန်နိုင်ငံရှိ မြို့အချို့တွင် ခွေးလမ်းလျှောက်ခိုင်းခြင်းကို တားမြစ်

အီရန်နိုင်ငံရှိ မြို့အချို့တွင် ခွေးများကို အများသုံးနေရာများတွင် လမ်းလျှောက်ခိုင်းခြင်းနှင့် ယာဉ်များဖြင့် သယ်ဆောင်ခြင်းကို တားမြစ် လိုက်ပြီဖြစ်သည်။ မွတ်စ်လင်မ်အများစုနေထိုင်သော အဆိုပါနိုင်ငံတွင် ခွေးမွေးမြူခြင်းသည် ငြင်းခုန်မှုများရှိနေသော အကြောင်းအရာ တစ်ခု ဖြစ်သည်။

ဇွန်လ ၈ ရက်နေ့တွင် အီရန်မီဒီယာများက နိုင်ငံအလယ်ပိုင်းရှိ အစ္စဖာ ဟန်မြို့၊ တောင်ပိုင်းကာမန်မြို့နှင့် အနောက်ပိုင်း အီလမ်မြို့ အပါအဝင် မြို့ပေါင်း ၁၇ မြို့ခန့်တွင် ခွေးများကို အများသုံးနေရာများတွင် လမ်းလျှောက် ခိုင်းခြင်း သို့မဟုတ် ယာဉ်များဖြင့် သယ်ဆောင်ခြင်းကို တားမြစ် လိုက်ကြောင်း ဖော်ပြခဲ့သည်။ အာဏာပိုင်များက ထိုတားမြစ်ချက်သည် လူမှုအခြေအနေနှင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က တီဟီရန်တွင် ထုတ်ပြန်ခဲ့သော တားမြစ်ချက်နှင့် ဆင်တူ သည့် ထိုမူဝါဒအစီအစဉ်တွင် အီလမ်ကဲ့သို့သော မြို့အချို့က ယင်း စည်းကမ်းကို ချိုးဖောက်သူများအား တရားဥပဒေအရ အရေးယူမည်ဟု ကြေညာထားသော်လည်း ပြစ်ဒဏ်နှင့်ပတ်သက်၍ အတိအကျ ဖော်ပြ ထားခြင်း မရှိသေးပါ။

ခွေးမွေးမြူခြင်းနှင့် ခွေးလမ်းလျှောက်ခိုင်းခြင်းသည် အဆိုပါမွတ်စ်လင်မ် နိုင်ငံတွင် ဆယ်စုနှစ်များစွာကတည်းက အငြင်းပွားဖွယ်ရာ အကြောင်း အရာတစ်ခုဖြစ်သော်လည်း ခွေးများကို လုံးဝတားမြစ်ထားခြင်း မရှိသေးပါ။

အီရန်နိုင်ငံရှိ ဘာသာရေးလိုက်စားသူများစွာက ခွေးများကို ပွေ့ဖက်ခြင်း သို့မဟုတ် ခွေးတံတွေးနှင့် ထိတွေ့ခြင်းကို မစင်ကြယ်သော အပြုအမူ အဖြစ် မှတ်ယူကြပြီး အဆိုပါအိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်းကို အနောက်တိုင်းယဉ်ကျေးမှု၏ လွှမ်းမိုးမှုအဖြစ် ရှုမြင်ကြသည်။

၂၀၂၁ ခုနှစ်တွင် အီရန်လွှတ်တော်အမတ် ၇၅ ဦးက ခွေးမွေးမြူခြင်းကို “အီရန်နှင့် မွတ်စ်လင်မ်တို့၏ နေထိုင်မှုပုံစံကို တဖြည်းဖြည်း ပြောင်းလဲ စေနိုင်သော ဘေးအန္တရာယ်ရှိသည့် လူမှုရေးပြဿနာ” အဖြစ် ရှုတ်ချ ခဲ့သည်။

၂၀၁၇ ခုနှစ်က အီရန်ခေါင်းဆောင် Ali Khamenei က “သိုးထိန်းခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် စောင့်ကြပ်ခြင်းကဲ့သို့သော အကြောင်းပြချက် များမှလွဲ၍ ခွေးမွေးခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သည်” ဟု ကြေညာ ခဲ့သည်။ ထို့ပြင် ၎င်းက “မွတ်စ်လင်မ်မဟုတ်သူများ၏ နေထိုင်မှုပုံစံကို အတုယူခြင်း၊ ၎င်းတို့၏ယဉ်ကျေးမှုကို မြှင့်တင်ပေးခြင်း သို့မဟုတ် ပတ်ဝန်းကျင်ရှိသူများအား အနှောင့်အယှက်ဖြစ်စေခြင်းဆိုပါက ခွေးမွေးခြင်း ကို တားမြစ်မည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂