ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ စာသင်ကျောင်း ၁၆ ကျောင်းအား လက်နက်ကိုင်အကြမ်းဖက်သမားများက ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ယာယီပိတ်သိမ်း

News Image

  • ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ စာသင်ကျောင်း ၁၆ ကျောင်းအား လက်နက်ကိုင်အကြမ်းဖက်သမားများက ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ယာယီပိတ်သိမ်း

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေး တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင် ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်အတွင်း ဇီးဖြူသောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၊ ဂွေးကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အုန်းပင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၊ မိုးမခ ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ သရက်ပင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ပျဉ်းမပင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ သပြေကုန်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ပွဲသာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဂွေးပင်ရိုးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ နောင်ချိုကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ဒိုးစိမ့်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ စပါးကျီကျေးရွာရှိ အခြေခံပညာမူလတန်း လွန်ကျောင်း၊ ဗျက်ကလေးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ အင်းယားကြီးကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ပိတောက်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ချောင်းကမ်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ စုစုပေါင်း စာသင်ကျောင်း ၁၆ ကျောင်း တို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ လုံခြုံမှုနှင့်နယ်မြေ ဒေသလုံခြုံရေးအခြေအနေအရ ယာယီပိတ်သိမ်းခဲ့ရကြောင်း သိရသည်။
 

အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ကျောင်းသား/သူများ၏ ပညာသင်ယူမှုအား နှောင့်နှေးကြန့်ကြာစေသည့်အပြင် နိုင်ငံတော်၏ ပညာရေးကဏ္ဍ တိုးတက်မှုအား ပျက်စီးစေသဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MOHA