မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ထိန်အိုင်ကျေးရွာနေ ဦးတင်မျိုး(၄၃)နှစ်နှင့် ဦးတင်မွှေး(၅၅)နှစ်တို့သည် ကျေးရွာမြောက်ဘက် နှစ်မိုင်ခန့် အကွာရှိ ယာတောအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်တိုက်မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA