ဂါဇာရှိအကူအညီပေးရေးစင်တာအနီး အစ္စရေး၏တိုက်ခိုက်မှု လူ ၂၈ ဦး သေဆုံး
ဂါဇာကမ်းမြောင်ဒေသရှိ အကူအညီပေးရေးစင်တာအနီး၌ ဇွန်လ ၁၁ ရက်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူအနည်းဆုံး ၂၈ ဦး သေဆုံးကြောင်းနှင့် လူအများအပြားဒဏ်ရာရရှိသွားကြောင်း ပါလက်စတိုင်းသတင်းဌာနတစ်ခုကဖော်ပြထားသည်။
အလားတူ ဂါဇာကမ်းမြောင်အလယ်ပိုင်း နျူဆိုင်းရတ်မြို့မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုကို အစ္စရေးကဒရုန်းဖြင့် တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် လူနှစ်ဦးသေဆုံးကြောင်း AL Awda ဆေးရုံ မှတာဝန်ရှိသူများကပြောသည်။
ထို့ပြင် ခန်ယူနစ်မြို့အနောက်မြောက်ပိုင်းရှိ ဒုက္ခသည်များ နေထိုင်လျက်ရှိသည့်ရွက်ဖျင်တဲတစ်ခုသည် အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုအတွင်း ထိမှန် ခံရမှုကြောင့် လူလေးဦးသေဆုံးကြောင်း နက်ဆာဆေးရုံမှ သတင်းအရင်းအမြစ်များက ပြောသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးတပ်ဖွဲ့များသည် အနောက်ဘက်ကမ်းခြေဒေသ၌ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်းနှင့် တမ်မွန်မြို့အတွင်းသို့ ဝင်ရောက်လာကြောင်း WAFA သတင်းဌာနက ဖော်ပြထားသည်။
Ref: Xinhua
MWD Daily Newspaper