ရုရှားနှင့် ယူကရိန်းတို့ အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများကို လဲလှယ်

News Image

  • ရုရှားနှင့် ယူကရိန်းတို့ အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများကို လဲလှယ်

ရုရှားနှင့် ယူကရိန်းတို့သည် အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများကို နောက်ထပ် လဲလှယ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ (ဇွန် ၉) တွင် ကြေညာခဲ့သည်။

တရားဝင် Telegram Channel တွင် ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပထမအသုတ် စစ်သုံ့ပန်းများကို ကိယက်ဗ် ထိန်းချုပ် ထားသော နယ်မြေများမှ ပြန်လည်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“အပြန်အလှန်အနေဖြင့် ယူကရိန်းတပ်မတော်၏ တန်းတူ အရေအတွက်ရှိ စစ်သုံ့ပန်းများကို လွှဲပြောင်းပေးခဲ့သည်” ဟု ဝန်ကြီးဌာနက ဆိုသည်။

ရုရှားစစ်သည်များအား လက်ရှိတွင် ဘယ်လာရုဇ်နိုင်ငံ၌ လိုအပ်သော စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေး အကူအညီများပေးနေပြီး မကြာမီ ၎င်းတို့အား ကုသရန်နှင့် ပြန်လည်ထူထောင်ရန်အတွက် နိုင်ငံသို့ ပြန်ပို့မည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်သီတင်းပတ်က အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ခဲ့သော တိုက်ရိုက် ညှိနှိုင်းမှုများအတွင်း မော်စကိုနှင့် ကိယက်ဗ်တို့သည် ပြင်းထန်စွာ ဒဏ်ရာ ရထားသူများ၊ နာမကျန်းဖြစ်နေသူများ နှင့် အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများအပါအဝင် အချို့သော စစ်သုံ့ပန်းများကို လဲလှယ်ရန် သဘောတူညီခဲ့သည်။

ထို့အပြင် ရုရှားဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ ယူကရိန်း စစ်သား ၆,၀၀၀ ကျော်၏ အလောင်းများကို ပြန်လည်ပေးအပ်မည်ဟု ကြေညာခဲ့သည်။ စနေနေ့ (ဇွန် ၇) တွင် မော်စကိုဘက်မှ ယူကရိန်း ဘက်သို့ အလောင်း ၁,၂၁၂ ခုကို လွှဲပြောင်းရန် ကြိုးစားခဲ့သော်လည်း ကိယက်ဗ်ကိုယ်စားလှယ်များ လဲလှယ်ရာနေရာသို့ မရောက်ရှိခဲ့ပေ။

ယူကရိန်းအရာရှိများက လွှဲပြောင်းမည့်ရက်ကို သဘောတူညီမှု မရှိသေး ဟု ဆိုကာ အဆိုပါငြင်းဆိုမှုကို ရှင်းပြခဲ့ပြီး မော်စကိုအား သတင်း အချက်အလက်ရည်ရွယ်ချက်ဖြင့် လူသားချင်းစာနာမှုကိစ္စများကို အသုံးချသည် ဟု စွပ်စွဲခဲ့သည်။

မော်စကိုဘက်မှ ကိယက်ဗ်၏ အလောင်းများကို လက်မခံသည့် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်း ခေါင်းဆောင်များသည် “မိမိပြည်သူများကို အသက်ရှင်နေသူများဖြစ်စေ၊ သေဆုံးသူများ ဖြစ်စေ မလိုအပ်ဘဲ မိမိပြည်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (genocide) ကျူးလွန်နေသည်” ဟု စွပ်စွဲခဲ့သည်။

ထို့အပြင် ရုရှားပါလီမန် နိုင်ငံတကာရေးရာကော်မတီဝင် Dmitry Belik က RT သို့ ပြောကြားရာတွင် ကိယက်ဗ်ဘက်မှ ၎င်းတို့၏ စစ်သည် အလောင်းများကို ပြန်လည်လက်မခံရခြင်း၏ အကြောင်းအရင်းတစ်ရပ်မှာ ယူကရိန်းအစိုးရအနေဖြင့် ကျဆုံးစစ်သားမိသားစုများအား လျော်ကြေး ပေးရန် မလိုလားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ညွှန်းဆိုခဲ့သည်။

Vladimir Zelensky အစိုးရသည် ယခင်က ကျဆုံးသွားသော ယူကရိန်း စစ်သည်မိသားစုများအား အမေရိကန်ဒေါ်လာ ၃၆၇,၀၀၀ တစ်ကြိမ်တည်း လျော်ကြေးငွေကို လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့ဖူးသည်။

ကိုးကား - RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂