အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုများကြောင့် ဂါဇာတွင် လူဦးရေ ၆၀ သေဆုံး၊ အကူအညီဖြန့်ဖြူးရေးနေရာအနီးတွင် အများအပြားဒဏ်ရာရ

News Image

  • အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုများကြောင့် ဂါဇာတွင် လူဦးရေ ၆၀ သေဆုံး၊ အကူအညီဖြန့်ဖြူးရေးနေရာအနီးတွင် အများအပြားဒဏ်ရာရ

အစ္စရေးတပ်များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် ဂါဇာဒေသမှ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အများစုမှာ အမေရိကန်နှင့် အစ္စရေးမှ ထောက်ခံသော Gaza Humanitarian Foundation မှ စီမံခန့်ခွဲသည့် အကူအညီ ဖြန့်ဖြူးရေး နေရာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။ ရှီဖာနှင့် အယ်လ်ကုဒ်စ် ဆေးရုံများမှ ကျန်းမာရေး ဝန်ထမ်းများက နံနက်အရုဏ်တက်ချိန်မတိုင်မီ Netzarim ယခင်ဂျူး ကျေးရွာအနီးရှိ အစားအစာဖြန့်ဖြူးရေးစင်တာသို့ သွားရောက်နေစဉ် လူအနည်းဆုံး ၂၅ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ဟားမက်နှင့် စစ်မက် ဖြစ်ပွား နေသည့် အစ္စရေးစစ်တပ်က Netzarim Corridor ဧရိယာအနီးတွင် စစ်သားများအား ခြိမ်းခြောက်နေသည့် သံသယရှိသူများအုပ်စုကို ညအချိန်တွင် သတိပေးပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ “ထိုဧရိယာ သည် တိုက်ပွဲဖြစ်ပွားနေသော ဇုန်ဖြစ်ကြောင်း သတိပေးထားသော်လည်း (ပစ်ခတ်မှုဖြစ်ပွားခဲ့သည်)။ IDF သည် ဒဏ်ရာရသူများနှင့် ပတ်သက်သော အစီရင်ခံစာများကို သိရှိပြီး အသေးစိတ်ကို စစ်ဆေးဆဲဖြစ်သည်” ဟု ၎င်းတို့က ဆိုသည်။

ထိုနေ့နောက်ပိုင်းတွင် တောင်ဘက်ဂါဇာခရိုင်ရှိ ခန်ယူနစ်မြို့၊ Nasser ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ရာဖာမြို့ရှိ GHF ၏ အခြားအကူအညီ ဖြန့်ဖြူးရေးနေရာသို့ ချဉ်းကပ်နေစဉ် အစ္စရေးတပ်များ၏ ပစ်ခတ်မှု ကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။GHF က ဟားမက်တပ်များက ၎င်းတို့၏ အကူအညီဖြန့်ဖြူးရေးနေရာသို့ သွားနေ သည့် အဖွဲ့ဝင် ၂၀ ပါသည့် ဘတ်စ်ကားကို တိုက်ခိုက်မှုတွင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း စွပ်စွဲခဲ့သည်။

“ဂါဇာပြည်သူများအား အရေးကြီးသော အကူအညီများ ဆက်လက် ပေးနိုင်ရန် မိမိတို့ ကြိုးပမ်းသွားမည်” ဟု ၎င်းတို့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ GHF ၏ အစောပိုင်းထုတ်ပြန်ချက်အရ ဒေသခံများနှင့် သက်ဆိုင်သည့် ထိုနေ့မှဖြစ်ရပ်များကို ၎င်းတို့ မသိရှိသေးသော်လည်း လုံခြုံသော သွားလာရေးလမ်းကြောင်းများ ထိန်းသိမ်းရန် အစ္စရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ပါလက်စတိုင်းများ အနေဖြင့် ညွှန်ကြားချက်များကို ဂရုတစိုက်လိုက်နာရန် အရေးကြီးကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

“နောက်ဆုံးတွင် ဖြေရှင်းနည်းမှာ အကူအညီပိုမိုရရှိရန်ဖြစ်ပြီး ဤသည်က ပြည်သူများအကြား စိတ်ချမှုနှင့် အရေးပေါ်လိုအပ်ချက် လျော့နည်းစေမည်” ဟု Reuters ၏ မေးမြန်းချက်များကို အီးမေးလ်ဖြင့် ပြန်ကြားရာတွင် ဖော်ပြခဲ့သည်။ “ဂါဇာရှိ လိုအပ်နေသူအားလုံးအတွက် လုံလောက်သည့် အစားအစာ မရှိသေးပါ။ လက်ရှိတွင် မိမိတို့၏ ဦးစားပေးမှုမှာမတည်ငြိမ်သော ပတ်ဝန်းကျင်အတွင်း အန္တရာယ်ကင်းစွာဖြင့် ဖြစ်နိုင်သမျှ လူများများကို အစားအစာဖြန့်ဖြူးနိုင်ရန်ဖြစ်သည်” ဟု ပြောကြား ခဲ့သည်။

GHF က မေလနှောင်းပိုင်းတွင် စတင်လုပ်ဆောင်ခဲ့သည့်အချိန်မှစ၍ စုစုပေါင်း အစားအစာ ၁၆ သန်းကျော် ဖြန့်ဖြူးနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် တစ်ရက်တည်းအတွက် အများဆုံးဖြစ်သည့် ၂.၅ သန်းသော အစား အစာထုပ်များ ဖြန့်ဖြူးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟားမက်အုပ်ချုပ်သော ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ယခုဖြစ်ရပ်များအထိအစားအစာထုပ်များရယူရန်ကြိုးပမ်းနေစဉ် ပါလက်စတိုင်း ၁၆၃ ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂