မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၂,၅၀၀ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

News Image

  • မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၂,၅၀၀ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၅ ခုနှစ်၊ ဇွန် ၁၀ ရက် ညနေ ၄ နာရီ ၅၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တာချီလိတ်မှ မိတ္ထီလာသို့ ယာဉ်မောင်း ထူးအိဏ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် စိန်လင်း လိုက်ပါလာသည့် TOYOTA HIACE ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ နောက်ဆုံးထိုင်ခုံနှင့်ကပ်လျက် အိမ်သုတ်ဆေးဗူးကြီးအတွင်းမှ စိတ်ပြောင်းဆေးဝါး အက်တက်စီ ဆေးပြား ၅,၀၀၀ ပြား (တစ်ပြားလျှင် ငွေ ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂၅၀၀ သိန်း)နှင့် ဆေးခြောက် ၀.၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၄.၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂ ဒသမ ၇ သိန်း)တို့အား သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးများအား တင်ဆောင်ပေးသူ မာမာသက်အား တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိနေအိမ်တွင် လည်းကောင်း၊ ဇွန် ၁၁ ရက် ည ၁၀ နာရီ ၂၅ မိနစ်တွင် မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ ပြည့်စိုးအား တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက် လမ်းမပေါ်တွင်လည်းကောင်း၊ ဇွန် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးများပို့ဆောင်ရန် လက်ခံဆောင်ရွက်သူ နေလင်းအောင်အား တာချီလိတ်မြို့၊ ပါလျှံ(၁)လမ်းပေါ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိသဖြင့် ထူးအိဏ်(၂၃)နှစ်၊ စိန်လင်း(၂၀)နှစ်၊ မာမာသက်(၃၂)နှစ်၊ ပြည့်စိုး(၂၈)နှစ်၊ နေလင်းအောင်(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

MOHA