အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတွင် ဂျက်တိုက်လေယာဉ်ပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့

News Image

  • အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတွင် ဂျက်တိုက်လေယာဉ်ပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့

အစ္စရေးစစ်တပ်က ဇွန်လ ၁၃ ရက် နံနက်စောစောတွင် အီရန်ကို လေကြောင်းတိုက်ခိုက်မှုအစီအစဉ်တစ်ခုအတွက် လေယာဉ်စီးရေ ၂၀၀ ကျော် စေလွှတ်တိုက်ခိုက်ခဲ့ပြီး တီဟီရန်အရာရှိများ အသက်ဆုံးရှုံးခဲ့ကြောင်း ကြေညာခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ် (IDF) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Effie Defrin က ဇွန် ၁၃ ၌ ပြောကြားရာတွင် ၎င်းတို့နိုင်ငံသည် “Rising Lion” ဟုအမည်ပေးထားသော စစ်ဆင်ရေးတွင် စစ်လေယာဉ် ၂၀၀ ကျော်ကို စုစည်းကာ အီရန်ရှိ ပစ်မှတ် ၁၀၀ ခန့်ကို ဒုံးကျည်အမျိုးအစား ၃၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ် Defrin ၏အဆိုအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် အီရန်စစ်ဦးစီးချုပ် Mohammad Bagheri ၊ အစ္စလာမ်မစ် တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) အုပ်ချုပ်သူ Hossein Salami နှင့် Khatam al-Anbiya ဗဟိုဌာနချုပ်၏ ခေါင်းဆောင် General Gholam Ali Rashid အပါအဝင် အီရန်အရာရှိကြီးများ သေဆုံးခဲ့ကြောင်း သိရသည်။

IDF သည် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ၊ F-15 နှင့် F-16 တိုက်လေယာဉ်များသည် အခြေစိုက်စခန်းများမှ စတင်ပျံတက်ကာ စစ်ဆင်ရေးတွင် ပါဝင်ပြီး ဘေးကင်းစွာ ပြန်လည်ဆင်းသက်နေပုံကိုလည်း ဗီဒီယိုဖြင့် ထုတ်ပြန်ခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂