ထရမ့်က အီရန်ကို အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့ဟု ဆို

News Image

  • ထရမ့်က အီရန်ကို အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့ဟု ဆို

အမေရိကန်သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အစ္စရေးလေတပ်၏ အစ္စလာမ္မစ်သမ္မတနိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများသည် အီရန်၏ခေါင်းမာမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က တီဟီရန်အား များစွာနောက်မကျမီ ဝါရှင်တန်၏ တောင်းဆိုချက်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

အစ္စရေးစစ်တပ်သည် သောကြာနေ့ (ဇွန် ၁၃) အစောပိုင်းတွင် အီရန် နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်နှင့်နျူကလီးယားဆိုင်ရာ ပစ်မှတ်များစွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အီရန်အာဏာပိုင်များက တိုက်ခိုက်မှုများကြောင့် အီရန် အစ္စလာမ္မစ်တော်လှန်ရေး ကာကွယ်ရေးတပ် (IRGC) ၏ တပ်မှူး ဗိုလ်ချုပ် Hossein Salami နှင့် အီရန် စစ် ဦးစီးချုပ် ဗိုလ်ချုပ် Mohammad Bagheri တို့ သေဆုံးခဲ့ကြောင်းအတည်ပြုခဲ့သည်။ မီဒီယာအချို့က အခြားအဆင့်မြင့် အီရန် စစ်ဘက် အရာရှိကြီးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များလည်း သေဆုံးခဲ့သည် ဟု ဖော်ပြခဲ့သည်။

ထရမ့်က သောကြာနေ့ (ဇွန် ၁၃) နောက်ပိုင်းတွင် ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် ရေးသားချက်တစ်ခု၌ အီရန်၏နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ “သဘောတူညီမှုရရှိရန် အခွင့်အလမ်းများစွာ ထပ်ခါထပ်ခါပေးခဲ့ကြောင်း” ရေးသားခဲ့ပြီး အီရန်ခေါင်းဆောင်များအား “အပြင်းထန်ဆုံးစကားလုံးများဖြင့် ပြီးဆုံးအောင်လုပ်ပါဟု ပြောခဲ့ကြောင်း” ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတက တီဟီရန်အား ဝါရှင်တန် တောင်းဆိုချက်များကို မလိုက်နာပါက အစ္စရေး၏ ကြီးမားသော တိုက်ခိုက်မှုကိုခံရမည်ဟု သတိပေးခဲ့ကြောင်း ဖော်ပြခဲ့ပြီး အစ္စရေး စစ်တပ်သည် အမေရိကန်ထုတ် လက်နက်များစွာ ပိုင်ဆိုင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့်၏ပြောကြားချက်အရ အစ္စရေးသည် အီရန်ကို ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေသော်လည်း အရှိန်မြှင့်တင်မှုကို ပြန်လည်ရုပ်သိမ်းနိုင်သည့် အလားအလာ ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

“အီရန်သည် အဆုံးစွန်တိုက်ခိုက်ခံရခြင်းမပြုမီ အလျင်အမြန် သဘောတူညီမှုရယူပြီး ယခင်က အီရန်အင်ပါယာအဖြစ် ရပ်တည်ခဲ့ရမှုကို ကယ်တင်ရမည်” ဟု အမေရိကန်သမ္မတက အလေးအနက်ထား ပြောကြား ခဲ့သည်။

ဧပြီလမှစတင်၍ အမေရိကန်နှင့် အီရန်တို့သည် အိုမန်နိုင်ငံတွင် တီဟီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ထင်ရှားသောတိုးတက်မှုမရှိခဲ့ပေ။

နောက်တစ်ကြိမ်ဆွေးနွေးပွဲကို တနင်္ဂနွေနေ့ (ဇွန် ၁၅) တွင်ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေး၏တိုက်ခိုက်မှုအပြီးတွင် အစ္စလာမ္မစ် သမ္မတ နိုင်ငံက ဆွေးနွေးပွဲမှ ရုတ်သိမ်းသွားကြောင်း သတင်းများအရသိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂