Air India AI 379 လေယာဉ်ပျံသန်းနေစဉ် ဗုံးဖြင့် ခြိမ်းခြောက်ခံရခြင်းကြောင့် ထိုင်းနိုင်ငံတွင် အရေးပေါ်ဆင်းသက်ခဲ့

News Image

  • Air India AI 379 လေယာဉ်ပျံသန်းနေစဉ် ဗုံးဖြင့် ခြိမ်းခြောက်ခံရခြင်းကြောင့် ထိုင်းနိုင်ငံတွင် အရေးပေါ်ဆင်းသက်ခဲ့

ဇွန်လ ၁၃ ရက် (သောကြာနေ့)တွင် ထိုင်းနိုင်ငံ ဖူးခတ်လေဆိပ်မှ အိန္ဒိယ နိုင်ငံမြို့တော် နယူးဒေလီသို့ ပျံသန်းမည့် Air India AI 379 လေယာဉ် ပျံသန်းနေစဉ် လေယာဉ်ပေါ်တွင် ဗုံးပါကြောင်း ခြိမ်းခြောက်ခံရမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျွန်းပေါ်သို့ အရေးပေါ်ဆင်းသက်ခဲ့ကြောင်း လေဆိပ်အာဏာပိုင်များက ပြောကြားခဲ့သည်။ 

လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၆ ဦးလိုက်ပါလာပြီး ခရီးသည်အားလုံးကို ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းလေဆိပ် အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။ 

ဇွန်လ ၁၂ ရက် (ကြာသပတေးနေ့)တွင် အာမက်ဒါဘတ်မြို့၌ Air India လေယာဉ်တစ်စင်း ပျက်ကျခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားပြီး ခရီးသည် ၂၄၀ ကျော် သေဆုံးခဲ့သည်။ 

နယူးဒေလီသို့ ဦးတည်ပျံသန်းမည့် Air India လေယာဉ်သည် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဖူးခတ်လေဆိပ်မှ စတင်ထွက်ခွာခဲ့ပြီး မကြာမီ ချက်ချင်း အန်ဒမန်ပင်လယ် တစ်ဝိုက်တွင် စက်ဝိုင်းပုံ သဏ္ဍာန် တစ်ပတ် ပျံသန်းပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတောင်ဘက်ပိုင်းရှိ ကျွန်းတွင် အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း Flighttradar24 လေယာဉ် ခြေရာခံစနစ်အရ သိရသည်။ 

အာဏာပိုင်များက လေယာဉ်ပေါ်တွင် ကနဦးရှာဖွေမှုများ ပြုလုပ်ပြီးနောက် ဗုံးအား မတွေ့ရှိခဲ့သော်လည်း ဗုံးနှင့်ပတ်သက်သည့် ခြိမ်းခြောက် စာတစ်စောင်ကို တွေ့ရှိခဲ့ကြောင်း၊ ထိုစာကို တွေ့ရှိခဲ့သည့် ခရီးသည် တစ်ဦးအား စစ်ဆေးမေးမြန်းနေကြောင်း အာဏာပိုင်တစ်ဦးက ပြောကြား ခဲ့သည်။ 

အိန္ဒိယနိုင်ငံရှိ လေကြောင်းလိုင်းများနှင့် လေဆိပ်များသည် ပြီးခဲ့သည့် နှစ်တွင် ဗုံးနှင့်ပတ်သက်သည့် ခြိမ်းခြောက်မှုများ မကြာခဏ ကြုံတွေ့ ခဲ့ရပြီး ပထမ ၁၀ လအတွင်း ဖုန်းခေါ်ဆိုမှုအပါအဝင် မက်ဆေ့ချ်ဖြင့် ခြိမ်းခြောက်မှုပေါင်း ၁,၀၀၀ နီးပါးကို လက်ခံရရှိခဲ့ကြောင်း သိရသည်။ ယင်းသည် ၂၀၂၃ ခုနှစ်ကထက် ၁၀ ဆ ပိုမိုခဲ့သည်။

ကိုးကား - CNA

Photo: The Financial Express

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃