နယ်စပ်အတားအဆီးများ ဖယ်ရှားရေးဆိုင်ရာ အနာဂတ် သဘော တူညီချက်အတွက် ဥရောပသမဂ္ဂ၊ စပိန်၊ ဗြိတိန်နှင့် ဂျီဘရော်လ်တာတို့ သဘောတူညီမှုရရှိ

News Image

  • နယ်စပ်အတားအဆီးများ ဖယ်ရှားရေးဆိုင်ရာ အနာဂတ် သဘော တူညီချက်အတွက် ဥရောပသမဂ္ဂ၊ စပိန်၊ ဗြိတိန်နှင့် ဂျီဘရော်လ်တာတို့ သဘောတူညီမှုရရှိ

နယ်စပ်အတားအဆီးများ ဖယ်ရှားရန်၊ ဒေသတွင်း သာယာဝပြောမှု မြှင့်တင်ရန် ရည်ရွယ်လျက် ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံကြား ဂျီဘရော်လ်တာဒေသဆိုင်ရာ အနာဂတ် သဘောတူစာချုပ်၏ အဓိက အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ (အီးယူ)၊ စပိန်နှင့် ဗြိတိန်နိုင်ငံတို့မှ အဆင့်မြင့် တာဝန်ရှိသူများနှင့် ဂျီဘရော်လ်တာ ကိုယ်စားလှယ်များအကြား ဘရပ်ဆဲလ်မြို့တွင် ဇွန် ၁၁ ရက်က သဘောတူညီမှုရရှိခဲ့သည်။

“အနာဂတ် သဘောတူညီချက်သည် အချုပ်အခြာအာဏာ၊ စီရင်အုပ်ချုပ်ပိုင်ခွင့်တို့နှင့် ပတ်သက်ပြီး စပိန်၊ ဗြိတိန်နိုင်ငံတို့၏ သက်ဆိုင်ရာ တရားဝင်ရပ်တည်ချက်တွေအပေါ် ထိခိုက်မှုမဖြစ်စေပါ” ဟု ပူးတွဲ ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ အနာဂတ်သဘောတူညီချက်မှာ စပိန်နိုင်ငံနှင့် ဂျီဘရော်လ်တာဒေသကြား လူပုဂ္ဂိုလ်များ၊ ကုန်စည်များ စီးဆင်းသွားလာမှုအပေါ် စစ်ဆေးမှု၊ ထိန်းချုပ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အတားအဆီး အားလုံးကို ဖယ်ရှားခြင်းဖြင့် ယင်းဒေသ၌ သာယာဝပြောမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထိုပူးတွဲ ကြေညာချက်အရသိရသည်။
ရှင်ဂန်ဧရိယာ၊ ဥရောပသမဂ္ဂ ဘုံဈေးကွက်၊ အကောက်ခွန်ယူနီယံတို့ကို ဆက်လက်ထိန်းသိမ်းလျက် ယင်းသဘောတူညီချက်ကို ‌ဖော်ဆောင်သွားမည်ဖြစ်သည်။ လူပုဂ္ဂိုလ်များ လည်ပတ်သွားလာခြင်းနှင့် စပ်လျဉ်း၍ ဂျီဘရော်လ်တာဒေသနှင့် စပိန်နိုင်ငံ လာလီနီယာမြို့ကြား နယ်စပ်ဂိတ်၌ အလုပ်သွားရန်နေ့စဉ်ဖြတ်သန်းသွားလာသူများအပေါ် စစ်ဆေးမှုများ ရုပ်သိမ်းပေးမည်ဖြစ်ကာ ဂျီဘရော်လ်တာ ဆိပ်ကမ်း နှင့် လေဆိပ်တို့တွင်မူ နှစ်ဆင့်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကုန်စည်များနှင့် စပ်လျဉ်း၍မူ နှစ်ဖက် အကောက်ခွန် အာဏာပိုင်များအကြား ခိုင်ခိုင်မာမာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကုန်စည်များအပေါ် စစ်ဆေးမှုများ ရုပ်သိမ်းခြင်းတို့က အီးယူနှင့် ဂျီဘရော်လ်တာဒေသကြား အကောက်ခွန်ယူနီယံ (ကုန်သွယ်ရေး အတားအဆီးများ ဖယ်ရှားခြင်းနှင့် သွင်းကုန်ခွန် လျှော့ချ၊ ဖယ်ရှားခြင်း) ဆီသို့ ဦးတည်စေမည်ဖြစ်သည်။

အဆိုပါ အနာဂတ်သဘောတူညီချက်နှင့် အကျုံးဝင်သော အခြားနယ်ပယ်များအနက် အစိုးရ အထောက်အပံ့၊ အခွန်အကောက်၊ လုပ်သား၊ သဘာဝပတ်ဝန်းကျင်၊ ကုန်သွယ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင်၊ ပေါင်းစည်းညီညွတ်မှုနှင့် အလုပ်အကိုင် စသည်တို့ ပါဝင်ကြောင်း သိရသည်။ 

ကိုးကား- Xinhua