အီရန်နိုင်ငံအား တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန် ဂျပန် ကုန်တင်သင်္ဘောကုမ္ပဏီများက စဉ်းစားလျက်ရှိ

News Image

  • အီရန်နိုင်ငံအား တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောင်ရွက်သွားရန် ဂျပန် ကုန်တင်သင်္ဘောကုမ္ပဏီများက စဉ်းစားလျက်ရှိ

ဇွန်လ ၁၃ ရက်နေ့တွင် အစ္စရေးက အီရန်အား တိုက်ခိုက်ခဲ့မှုအပေါ် ဖြစ်နိုင်ခြေရှိသည့်တုံ့ပြန်မှုများ လုပ်ဆောင်ရန် ဂျပန်ကုန်တင်သင်္ဘောကုမ္ပဏီများက စီစဉ်လျက်ရှိပြီး ဂျပန်နိုင်ငံ၏ လောင်စာဆီ တင်သွင်းမှု ၉၀ ရာခိုင်နှုန်း ကျော်သည် အရှေ့အလယ်ပိုင်းဒေသကို အဓိကမှီတည်နေရသည့်အတွက် အဆိုပါဒေသတွင် စစ်ရေးဆိုင်ရာ ပဋိပက္ခများ မြင့်တက်လာမှုအပေါ် ထိန်းသိမ်းဆောင်ရွက်ရန် ဂျပန်ကုမ္ပဏီများက လိုလားလျက်ရှိသည်။

တိုကျိုအခြေစိုက် NYK Line ကုမ္ပဏီ၏ လောင်စာဆီတင်သင်္ဘောအစီး (၂၀)နှင့် Automobile Carrier များသည် အရှေ့အလယ်ပိုင်းဒေသတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ အဆိုပါသင်္ဘောများသည် တစ်လအတွင်း အကြိမ်ရေဒါဇင်ပေါင်းများစွာ ပါရှန်ပင်လယ်ကွေ့ကို ဖြတ်သန်း၍ သွားလာလျက်ရှိသည်။

NYK Line ကုမ္ပဏီအနေဖြင့် ပင်လယ်ကွေ့အတွင်း ဘေးကင်းလုံခြုံမှုရှိရေးအတွက် သတင်းအချက်အလက်များရယူဆောင်ရွက်လျက်ရှိပြီး အခြေအနေပေါ်မူတည်၍ လုပ်ငန်းများဆိုင်းငံ့ခြင်း သို့မဟုတ် လမ်းကြောင်း ပြောင်းလဲဆောင်ရွက်ခြင်းတို့လုပ်ဆောင်ရေးအတွက် စဉ်းစားရန်လိုအပ်လျက်ရှိသည်။

K Line ဟု လူသိများသည့် Mitsui O.S.K. Lines and Kawasaki Kisen Kaisha ကုမ္ပဏီတို့သည်လည်း ပင်လယ်ကွေ့ဝန်းကျင်ကို ဖြတ်သန်းသွားလာသည့် သင်္ဘောများကို သတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး သင်္ဘောသား ဝန်ထမ်းများနှင့် ကုန်စည်များ၏ ဘေးကင်းလုံခြုံရေးအတွက် စဉ်းစားလုပ်ဆောင်သွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိကကုန်တင်သင်္ဘောကုမ္ပဏီကြီးများသည် ၂၀၂၄ ခုနှစ်အတွင်း ပါရှန်ပင်လယ်ကွေ့ကို အကြိမ်ပေါင်း ၃၅၀၀ ခန့် ဖြတ်သန်းသွားလာခဲ့ကြောင်း ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။

အဆိုပါဖြတ်သန်းသွားလာသည့် ခရီးစဉ်အားလုံးတွင် လောင်စာဆီတင်သင်္ဘောဖြတ်သန်းမှု ၈၉၀ ကြိမ်၊ Automobile Carrier ဖြတ်သန်းမှု ၇၃၈ ကြိမ်နှင့် LNG သဘာဝဓာတ်ငွေ့တင်သင်္ဘောဖြတ်သန်းမှု ၄၂၁ ကြိမ်ဖြစ်ပြီး ခရီးစဉ်အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်သည် လောင်စာဆီတင်ပို့သည့် ကုန်တင်သင်္ဘောများ သွားလာမှုဖြစ်သည်။

ဂျပန်နိုင်ငံပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်တင်သင်္ဘောကုမ္ပဏီများအား နောက်ဆုံးရမြေပြင် သတင်း အချက်အလက်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်သူ - ဦးထက်ထက်အောင်၊ နစက(၄)