နိုင်ငံ ၃၆ နိုင်ငံကို အမေရိကန်ဝင်ရောက်ခွင့် တားမြစ်ကန့်သတ်လာနိုင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ နိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် တားမြစ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုလုပ်နိုင်သည်ဟု The Washington Post သတင်းစာက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လျှို့ဝှက်စာရွက် စာတမ်းများကို ကိုးကား၍ ဖော်ပြထားပါသည်။
အဆိုပါသတင်းအရ ဗီဇာထုတ်ပေးခြင်း သို့မဟုတ် ပြည်ဝင်ခွင့်ဆိုင်ရာ အခြားကန့်သတ်ချက်များနှင့် ရင်ဆိုင်ရနိုင်သည့် နိုင်ငံစာရင်းတွင် အီဂျစ်၊ ဂျီဘူတီ အပါအဝင် အာဖရိကနိုင်ငံ ၂၅ နိုင်ငံနှင့် ဗဟိုအာရှ၊ ကာရေဘီယံ ဒေသမှ နိုင်ငံများ ပါဝင်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်သည့် ရုံးတွင်း မှတ်တမ်းစာကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က လက်မှတ်ရေးထိုး ပြီး စာရင်းပါနိုင်ငံများအတွက် တာဝန်ရှိသံတမန်များထံ ပေးပို့ခဲ့ပါသည်။
ထရမ့်သည် မကြာမီက အာဖဂန်နစ္စတန်၊ ဟေတီ၊ အီရန်၊ ယီမင်၊ လစ်ဗျာ၊ မြန်မာ၊ ကွန်ဂို၊ ဆိုမာလီယာ၊ ဆူဒန်၊ ချဒ်၊ အီကွေတာဂီနီနှင့် အီရီထရီးယား စသည့် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများအား အမေရိကန်သို့ ဝင်ရောက်ခွင့် အပြည့်အဝ တားမြစ်ထားပြီး၊ ဘူရွန်ဒီ၊ ဗင်နီဇွဲလား၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂိုနှင့် တာ့ခ်မင်နစ္စတန် စသည့် နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများအတွက် ကန့်သတ်ချက်အချို့ ချမှတ်ထားပါသည်။
ကိုးကား- Tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃