ထရမ့်က အစ္စရေး၏ အီရန်အပေါ်တိုက်ခိုက်မှုကို “အလွန် ကောင်းမွန်သည်” ဟု ချီးကျူးပြောဆို

News Image

  • ထရမ့်က အစ္စရေး၏ အီရန်အပေါ်တိုက်ခိုက်မှုကို “အလွန် ကောင်းမွန်သည်” ဟု ချီးကျူးပြောဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ (ဇွန် ၁၃) တွင် အစ္စရေး၏ အီရန်အပေါ်တိုက်ခိုက်မှုကို “အလွန်ကောင်းမွန်သည်” ဟု ပြောကြားခဲ့ပြီး တီဟီရန်က အဏုမြူသဘောတူညီချက်ကို လက်မခံမချင်း “နောက်ထပ် အများကြီးရှိဦးမည်” ဟု သတိပေးခဲ့သည်။ ABC သတင်း ဌာန၏ ဝါရှင်တန်သတင်းထောက် ဂျိုနာသန်ကားလ်နှင့် ဖုန်းဆက် ပြောဆို ရာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာများက တိုက်ခိုက်မှုတွင် အီရန်အဆင့်မြင့် စစ်ဘက် အရာရှိကြီးများနှင့် အဏုမြူသိပ္ပံပညာရှင်များအပါအဝင် လူ ၇၈ ဦးအထိ သေဆုံးပြီး ၃၂၉ ဦး ဒဏ်ရာရကြောင်း ဖော်ပြခဲ့သည်။ 

ထရမ့်က အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိုသို့ မှတ်ချက်ပြုလျက် “၎င်းအနေဖြင့် အီရန်ကို အခွင့်အရေးများစွာပေးခဲ့သော်လည်း ထိုက်သင့် သည့် တုံ့ပြန်မှု မပြုခဲ့ကြောင်း၊ ထို့အတွက် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများကို လက်မခံပါက ကြီးမားပြင်းထန်သော တိုက်ခိုက်မှုများကို ထပ်မံလုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထရမ့်သည် ယခင်က Fox News သို့ ပြောကြားရာတွင် တိုက်ခိုက်မှု အစီအစဉ်ကို ကြိုတင်သိရှိထားကြောင်း ဖော်ပြခဲ့ဖူးသည်။ ဂျိုနာသန်ကားလ် က အမေရိကန်၏ ပါဝင်ခဲ့မှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် “ယင်းကိစ္စ နှင့်ပတ်သက်၍ မိမိ မှတ်ချက်မပေးလိုပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကားလ်က ထရမ့်သည် တီဟီရန်နှင့် သဘောတူညီချက်ရရန် ရည်မှန်းနေဆဲဖြစ်ကြောင်း ထောက်ပြခဲ့သော်လည်း အိုမန်ဆွေးနွေးပွဲသည် ယခု တိုက်ခိုက်မှုကြောင့် နောက်ဆုတ်သွားနိုင်ကြောင်း ဖော်ပြခဲ့သည်။

အိမ်ဖြူတော်က အဆိုပါဖုန်းပြောဆိုမှုနှင့်ပတ်သက်၍ မှတ်ချက်မပြုသော်လည်း ထရမ့်သည် နောက်ပိုင်းတွင် Truth Social ၌ တင်ခဲ့သော ပို့စ်တစ်ခုတွင် အလားတူ ပြောကြားခဲ့သည်။

“လွန်ခဲ့သည့် နှစ်လက အီရန်ကို သဘောတူညီချက်ရဖို့ ရက် ၆၀ အချိန်ပေးခဲ့ပါသည်။ ၎င်းတို့အနေဖြင့် လက်ခံသင့်ပါသည်” ဟု ထရမ့်က ရေးသားခဲ့သည်။ “၎င်းတို့အား မည်သည်ကို လုပ်ဆောင်ရမည်ကို မိမိ အနေဖြင့် ပြောပြခဲ့သော်လည်း လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ယခု ဒုတိယအခွင့်အရေး ရလာနိုင်ပြီ!” ဟု ရေးသားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့သည် ဧပြီလတွင် အဏုမြူဆွေးနွေးပွဲများ ပြန်လည်စတင်ခဲ့သော်လည်း အောင်မြင်မှုတစ်စုံတရာ မရရှိသေးပေ။ ဝါရှင်တန်က အီရန်၏ အဏုမြူစီမံကိန်းအား အပြီးအပိုင် ဖျက်သိမ်းရန် တောင်းဆိုနေပြီး၊ တီဟီရန်ကမူ ၎င်း၏ ယူရေနီယမ် ထပ်တိုး သန့်စင်မှု များသည် ငြိမ်းချမ်းရေးနှင့် အရပ်ဘက်လုပ်ငန်းများတွင်အသုံးပြုရန်သာ ဖြစ်ကြောင်း ပြောဆိုကာ အမေရိကန်၏ တောင်းဆိုချက်ကို လက်မခံ နိုင်ဟု ငြင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂