BRICS ၏ မိတ်ဖက်နိုင်ငံ “partner country” အဖြစ် ဗီယက်နမ်ကို တရားဝင် ခွင့်ပြုလိုက်ကြောင်း ဘရာဇီးကြေညာ

News Image

  • BRICS ၏ မိတ်ဖက်နိုင်ငံ “partner country” အဖြစ် ဗီယက်နမ်ကို တရားဝင် ခွင့်ပြုလိုက်ကြောင်း ဘရာဇီးကြေညာ

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အုပ်ချုပ်မှုပုံစံပြုပြင်ပြောင်းလဲရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် ထွန်းသစ်စ စီးပွားရေးအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နိုင်ငံသည် BRICS ၏ “မိတ်ဖက်နိုင်ငံ” အဖြစ် တရားဝင်ရရှိခဲ့ပါ‌ကြောင်း သောကြာနေ့ (ဇွန် ၁၃) က ကြေညာ ပါသည်။

အဆိုပါကြေညာချက်သည် BRICS အဖွဲ့၏ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဘရာဇီး နိုင်ငံက ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ယင်းကြေညာချက်တွင် ဘရာဇီးအစိုးရသည် “ပိုမို ပူးပေါင်း ပါဝင်ရေး နှင့် နိုင်ငံတကာဖြစ်စဉ်တွင် ကိုယ်စားပြုရေး” တို့ကို ဆောင်ရွက်ခြင်းဖြင့် တူညီသောပန်းတိုင်များကို အရောက်သွားရန်ဟူသည့် ဟနွိုင်း၏ ဆုံးဖြတ်ချက်ကို မီးမောင်းထိုး ကြိုဆိုခဲ့ခြင်းဖြစ်သည်။   

ဗီယက်နမ်နိုင်ငံသည် လူဦးရေ သန်း(၁၀၀)နီးပါးရှိခြင်းနှင့် “ရှင်သန်တက်ကြွသော စီးပွားရေး” စနစ် ရှိနေခြင်းသည် အဖွဲ့ဝင်အဖြစ် လက်ခံရန်အတွက် အဓိကအကြောင်းအရင်းဖြစ်ကြောင်း ဘရာဇီးက ပြောကြားပါသည်။  “ဗီယက်နမ်နိုင်ငံသည် အာရှတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက် ရှိကြောင်း” “ယင်းသည် BRICS အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကို ပိုမိုနီးစပ်စေပြီး၊ နိုင်ငံတကာ ဖြစ်စဉ်များတွင် ကိုယ်စားပြုရေးတွင်လည်း ပိုမိုအားသာလာမည်ဖြစ်ကြောင်း” အဆိုပါ ကြေညာချက် က ဆိုပါသည်။   “ယင်း၏ ကြိုးပမ်းမှုကြောင့် ကမ္ဘာ့တောင်ပိုင်းအချင်းချင်း (South-South) ပူးပေါင်း ဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အဖွဲ့၏အကျိုးစီးပွား ဘက်ညီမျှတရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ထပ်လောင်း ပြောကြားပါသည်။

ဗီယက်နမ်နိုင်ငံသည် ဘယ်လာရုစ်၊ ဘိုလီဗီးယား၊ ကျူးဘား၊ ကာဇစ်ကစ္စတန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ထိုင်း၊ ယူဂန်ဒါ၊ ဥဘကစ္စတန်နိုင်ငံတို့နှင့်အတူ ဆယ်နိုင်ငံမြောက် BRICS မိတ်ဖက် နိုင်ငံ ဖြစ်လာခဲ့ခြင်းဖြစ်ပါသည်။

ကိုးကား- South China Morning Post

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ