ဆန္ဒပြပွဲများတွင် မက္ကဆီကို အလံပြသခြင်းက မိမိနိုင်ငံ ပုံရိပ် ထိခိုက်စေကြောင်း မက္ကဆီကိုသမ္မတပြော
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်ဘောင်းက အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် မက္ကဆီကို အလံကို အသုံးပြုပြသခြင်းသည် မက္ကဆီကိုပုံရိပ်ကို ထိခိုက်စေရန် ရည်ရွယ်သည့် စော်ကားမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။
“အထူးသဖြင့် မီးလောင်နေသည့် ရဲကားပေါ်တွင် မက္ကဆီကို အလံကိုင်ထားသည့် လူတစ်ဦး၏ပုံရိပ်သည် စော်ကားမှုတစ်ခုဖြစ်သည်ဟု ကျွန်မတို့ ယုံကြည်ပါသည်။ ၎င်းသည် မက္ကဆီကိုအပေါ် အထင်အမြင်မှားစေရန် ရည်ရွယ်သည့် လှုံ့ဆော်မှုတစ်ခုဖြစ်နိုင်သည်ဟု အချက်အလက်များက ဖော်ပြနေပါသည်” ဟု သူမက ရှင်းပြခဲ့ပါသည်။
“မှတ်ပုံမတင်ထားသော ရွှေ့ပြောင်းအလုပ်သမားများသည် အမေရိကန် နိုင်ငံသားများထက် ရာဇဝတ်မှုကျူးလွန်မှု အလွန်နည်းပါးကြောင်း လေ့လာမှုများစွာက သက်သေပြထားပါသည်” ဟု သမ္မတက ဆက်လက် ပြောကြား ခဲ့သည်။
“အမေရိကန်ရှိ မက္ကဆီကို နွယ်ဖွားများသည် အဓမ္မပြုကျင့်သူများဖြစ်သည်ဟု ဖြန့်ချိလိုသည့် အဆိုပါပုံရိပ်မှာ မှားယွင်းပါသည်။ ၎င်းမှာ လုပ်ကြံဖန်တီးထားသော စော်ကားမှုသာဖြစ်ပါသည်” ဟု သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃