အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်
အီရန်၏ နောက်ထပ်တိုက်ခိုက်မှုများတွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများကို ပစ်မှတ်ထားလာနိုင်ကြောင်း အကြီးတန်း စစ်အရာရှိ တစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရန် Fars သတင်းဌာနက ဇွန်လ ၁၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
အစ္စရေးမှ စတင်ခဲ့သည့် စစ်ပွဲမှာ လာမည့်ရက်များအတွင်း သိမ်းပိုက်ထားသော နယ်မြေအားလုံးနှင့် အမေရိကန်စစ်စခန်းများသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ရန်စသူများသည် အီရန်၏ ပြင်းထန်ပြီး ကျယ်ပြန့်သော လက်စား ချေမှုကို ခံရမည်ဖြစ်ကြောင်း အရင်းအမြစ်က ပြောကြားခဲ့ပါသည်။
“ဤပဋိပက္ခသည် မနေ့ည (ဇွန် ၁၃) က တိုက်ခိုက်မှုများဖြင့် အဆုံးသတ် သွားမည် မဟုတ်ပါ။ အီရန်သည် တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ် သွားမည်။ ဤလုပ်ရပ်များသည် ရန်စကျူးကျော်သူများအတွက် အလွန် နာကျင်စေမည့်အပြင် ၎င်းတို့၏ပြုမူချက်များအတွက် နောင်တရစေမည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်၏ ကမ္ဘာ့စစ်စခန်းများ
အမေရိကန်သည် ကမ္ဘာတစ်ဝှမ်းတွင် စစ်စခန်း ၁,၀၀၀ ကျော်ကို ထူထောင် ထားပြီး နိုင်ငံ ၈၀ ကျော်တွင် စစ်သား ၁၇၀,၀၀၀ ကျော် တပ်စွဲထား ပါသည်။ အရှေ့အလယ်ပိုင်း၌ ဘာရိန်၊ ဂျော်ဒန်၊ အီရတ်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ဆော်ဒီအာရေဗီယာ နှင့် ဆီးရီးယားနိုင်ငံများတွင် အခြေစိုက်စခန်းများ ရှိသည်။
အီရန်၏ "True Promise 3" စစ်ဆင်ရေး
အစ္စရေး၏ အီရန်နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု လုပ်ရပ်အပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်က မနေ့ည (ဇွန် ၁၃) က အစ္စရေးသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပါသည်။
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယ်လီ ခါမေနီက အစ္စရေး ခေါင်းဆောင် များသည် အီရန်အပေါ် “စစ်ပွဲကို စတင်ခဲ့သည်” ဟုဆိုကာ အီရန် အနေဖြင့် အစ္စရေးကို ဒဏ်ရာရစေမည်ဖြစ်ပြီး ၎င်း၏လုပ်ရပ်များအတွက် နောင်တ ရစေရန် “တပ်အားလုံးကို အသုံးပြုမည်” ဟု ပြည်သူလူထုထံ ရုပ်မြင်သံကြားမှ ပြောကြားလိုက်ပါသည်။
အစ္စလာမ်မစ် တော်လှန်ရေးတပ်မတော် (IRGC) စစ်ဦးစီးချုပ်၏ အကြံပေး ဗိုလ်ချုပ်ကြီး အဟ်မဒ် ဝါဟီဒီက အီရန်၏ လက်စားချေမှုသည် လိုအပ် သမျှကာလပတ်လုံး ဆက်လက်ဖြစ်ပွားစေမည်ဟု ပြောကြားထားပါသည်။
ကိုးကား- TASS
Photo: i24NEWS
ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃