အီရန်၏ ညပိုင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် သေဆုံးသူ ၈ ဦးအထိ ရှိလာ
အစ္စရေး၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Magen David Adom ထုတ်ပြန်ချက်အရ အီရန်၏ ညဘက်ဒုံးကျည် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြောက်ပိုင်း Haifa မြို့တွင် လူ ၃ ဦး သေဆုံးခဲ့သည်။
အီရန်၏ ညဘက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးသူစုစုပေါင်း ၈ ဦး ရှိလာခဲ့ပြီဖြစ်ပြီး ယခင်က Bnei Brak (အစ္စရေးအလယ်ပိုင်းမြို့) တွင် ၁ ဦး၊ Petah Tikva တွင် ၄ ဦး သေဆုံးခဲ့သည်။
မီဒီယာများတွင် ဖော်ပြထားသော ဗီဒီယိုများ၌ Haifa ရှိ ရေနံချက် စက်ရုံအနီး ပေါက်ကွဲမှုများ ဖြစ်ပွားကာ အဆောက်အဦများ ပျက်စီးပြီး အခြေခံ အဆောက်အအုံများ မီးလောင်ကျွမ်းနေပုံကို တွေ့ရှိရသည်။
အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သောကြာနေ့မှ စတင်ခဲ့သော နှစ်နိုင်ငံအကြား ဒုံးကျည်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများအတွင်း အစ္စရေးတွင် လူ ၂၃ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်းသိရှိရသည်။
အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ တနင်္ဂနွေ (ဇွန် ၁၅) ထုတ်ပြန်ချက်ကို ကိုးကား၍ အီရန်၏ နိုင်ငံပိုင်မီဒီယာများက ပဋိပက္ခစတင်ကတည်းက အီရန်တွင် လူဦးရေ ၂၂၄ ဦး သေဆုံးခဲ့ကြောင်းဖော်ပြခဲ့သည်။
ကိုးကား- CNN
Photo: DW
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂