လေထဲကနေပြန်မဆင်းဘဲ မိုင်ပေါင်း ၅၇၅၀ ကို မရပ်မနား ကင်းလှည့်မယ့်ဒရုန်း
ဗြိတိန်လေတပ်အတွက် သမိုင်းတွင်လောက်စေမယ့် ဒရုန်းတစ်စင်းတော့ ထွက်ပေါ်လာပါပြီ။ အဲဒီဒရုန်းကို Protector RG Mk1 လို့အမည်ပေးထားပါတယ်။သူက ပြည်တွင်းရှိ ဝေဟင်ပိုင်နက်မှာ လုပ်ငန်းများ ဆောင်ရွက်နိုင်မယ့် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး ဗြိတိန်နိုင်ငံအတွက် ပထမဆုံးဖြစ်လာမယ့် အဝေးထိန်းမောင်းနှင်နိုင်တဲ့လေကြောင်း စနစ်တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ဒီလေကြောင်းစနစ်က ဗြိတိန်နိုင်ငံရဲ့ မောင်းသူမဲ့တိုက်ပွဲဝင် လေယာဉ်များအတွက် သမိုင်းမှတ်တမ်းအသစ်ရဲ့ အစလည်းဖြစ်ပါတယ်။ ဗြိတိန် လေတပ်က မောင်းသူမဲ့တိုက်ပွဲဝင်လေယာဉ်များအဖြစ် MQ-9B ကို လက်ရှိအသုံးပြုနေတာပါ။
Protector RG Mk1 လို့အမည်ပေးထားတဲ့ ဒရုန်းကို ဗြိတိန်တော်ဝင်လေတပ်ရဲ့ ဝက်ဒင်တန်လေတပ်စခန်းမှသည် မာဟမ်လေတပ်စခန်းအထိ မောင်းနှင်ပြီးစမ်းသပ်ခဲ့တာပါ။ အခုလက်ရှိမှာတော့ သူ့ရဲ့တာ ဝေးစစ်ဆင်နိုင်စွမ်းကို စမ်းသပ်တာသာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ သူ့ရဲ့စစ်ဆင်ရေးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
လက်ရှိစမ်းသပ်မှုများအရဆိုရင် သူက ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ Paveway IV လေဆာလမ်းညွှန်ဗုံး များနဲ့ Brimstone 3 ဒုံးကျည်များကို သယ်ဆောင်ကာ အမြင့်ပေ ၄၀၀၀၀ ကနေ နာရီပေါင်း ၃၀ ကျော် ကြာတဲ့အထိ ပျံသန်းနိုင်ပါတယ်။ သူပျံသန်းနိုင်တဲ့ အကွာအဝေးက မိုင်ပေါင်း ၅၇၅၀ ရှိတာကြောင့် ကင်းလှည့်ခြင်း၊ ထောက်လှမ်းခြင်း၊ ပစ်မှတ်ရှာဖွေခြင်းတို့အပြင် တိကျစွာပစ်ခတ်ခြင်း တို့ကိုမရပ်မနား ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
MWD Web Portal
နည်းပညာသတင်း