အစ္စရေးစစ်တပ်က အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား ရုံးအဆောက်အဦကို တိုက်ခိုက်
အစ္စရေးစစ်တပ်သည် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံအား ဗုံးကြဲ တိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နိုင်ငံပိုင်ရုပ်သံလိုင်း (IRINN) ၏ ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အီရန်မီဒီယာများ၏ ဖော်ပြချက်အရ ပျက်စီးမှုရှိသော်လည်း ရုံးလုပ်ငန်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် IRINN ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံပိုင် သတင်းမီဒီယာ IRINN ၏ ထုတ်ပြန်ချက်အရ အနည်းဆုံး ဗုံးလေးလုံးသည် အီရန်အစိုးရပိုင် ရုပ်သံလွှင့်ဌာန (IRIB) ၏ ဌာနခွဲဖြစ်သော နိုင်ငံရေးရာဌာန (Political Affairs Office) ကို ထိမှန်ခဲ့သည်။ ဖြစ်စဉ်နေရာမှ ဓာတ်ပုံနှင့် ဗီဒီယိုများတွင် အဆောက်အဦ မီးလောင် ကျွမ်းပြီး မီးခိုးများထူထဲစွာ ထွက်ပေါ်နေသည်ကို တွေ့ရှိရသည်။
IRIB ၏ ပြောကြားချက်အရ တိုက်ခိုက်မှုပြီးနောက် မိနစ်ပိုင်းအတွင်း ထုတ်လွှင့်မှုများ ပြန်လည်စတင်ခဲ့သည်။ သို့သော် အဆိုပါ တိုက်ခိုက်မှုကြောင့် မည်မျှထိခိုက်ခဲ့သည်ကို မသိရသေးပေ။ အမျိုးသမီးသတင်းထောက် Sahar Emami သည် ၎င်း၏ရုံးခန်း ထိခိုက်ခဲ့သော်လည်း ဒဏ်ရာ မရရှိခဲ့ဘဲ အလုပ်ပြန်လုပ်နိုင်ခဲ့ပြီး IRIB နှင့် တွေ့ဆုံခန်းတွင် “သတင်းသမား များ၏ အသံကို ပိတ်ဆို့ခြင်းကို ကမ္ဘာ့အသိုင်းအဝိုင်းက မည်သည့်အတွက်ကြောင့် လက်ပိုက်ကြည့်နေရသနည်း” ဟု အဆိုပါတိုက်ခိုက်မှု ကို ရှုတ်ချခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ် (IDF) က ထိုရုပ်သံလွှင့်ရုံးကို တိုက်ခိုက်ကြောင်း အတည်ပြုခဲ့ပြီး ၎င်းအဆောက်အဦသည် အီရန်စစ်တပ်မှ အရပ်သား လှုပ်ရှားမှုအသွင်ဖြင့် အသုံးပြုနေသည်ဟု စွပ်စွဲကာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz ၏ အဆိုအရ အဆိုပါရုပ်သံလွှင့်ဌာနအား အထူးပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ပြီး Jerusalem Post ၏ ဖော်ပြချက်အရ တိုက်ခိုက်မှုမတိုင်မီ ၎င်းက “အီရန်၏ ဝါဒဖြန့်မှုနှင့် လှုံ့ဆော်မှု အာဘော်များ ပျောက်ကွယ်တော့မည်” ဟု ကြေညာခဲ့သည်။
တီဟီရန်အစိုးရက ရုပ်သံလွှင့်ဌာနအား တိုက်ခိုက်မှုကို “စစ်ရာဇဝတ်မှု” အဖြစ် သတ်မှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် “လူမျိုးတုံးသတ်ဖြတ်မှုများ ပြုလုပ်နေသော ကျူးကျော်သူ ကို မိမိတို့၏ ပြည်သူများအပေါ် နောက်ထပ်ရက်စက်မှုများ မပြုလုပ် နိုင်စေရေး ယခုပင်ရပ်တန့်ရမည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Esmaeil Baqaei က ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြား ခဲ့သည်။
သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) ကလည်း အဆိုပါ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အစ္စရေး၏ လုပ်ရပ်ကို လွန်စွာ ကြေကွဲဝမ်းနည်းရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ နယူးယောက် အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း က “အဆိုပါ သွေးထွက်သံယိုမှု များကို ယခုပင် ရပ်တန့်ရမည်” ဟု X (Twitter) တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂