အစ္စရေးကို တိုက်ခိုက်သည့် အီရန်ဒုံးကျည်အရေအတွက် သိသိသာသာ လျော့နည်းသွားဟုဆို

News Image

  • အစ္စရေးကို တိုက်ခိုက်သည့် အီရန်ဒုံးကျည်အရေအတွက် သိသိသာသာ လျော့နည်းသွားဟုဆို

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ ဇွန် ၁၆ ရက် ညပိုင်းတွင် အီရန်မှ ပစ်ခတ်သည့် တိုက်ခိုက်မှုတွင် ယခင်ရက်များကဲ့သို့ ဒုံးကျည်များစွာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမရှိဘဲ တစ်ကြိမ်လျှင် ဒုံးကျည်အနည်းငယ်သာ ပစ်လွှတ်ခဲ့သည်ဟု ဆိုသည်။

အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) သည် ဇွန် ၁၇ ရက်နေ့၊ နံနက် စောစောတွင် အီရန်မှ ဒုံးကျည်ပစ်လွှတ်မှုကို ထောက်လှမ်းမိပြီးနောက် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပစ်မှတ်လွဲနိုင်သည့် အန္တရာယ်ကြောင့် နေထိုင်သူများအား လုံခြုံရာနေရာများတွင်ခိုလှုံရန်နှင့် အာဏာပိုင် များ၏ ညွှန်ကြားချက်များကို လိုက်နာရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ မကြာမီ IDF မှ နေထိုင်သူများ ခိုလှုံရာနေရာများမှ ထွက်နိုင်ကြောင်း ကြေညာခဲ့သည်။

အစ္စရေးမီဒီယာများ၏ဖော်ပြမှုအရ အီရန်မှ ညပိုင်းတွင် ဟိုင်ဖာ၊ တဲလ် အဗစ်မြို့များနှင့် နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ နေရာအချို့ကို ပစ်မှတ်ထားသည့် ဒုံးကျည်များကို လေးကြိမ်တိတိ ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီး တစ်ကြိမ်လျှင် ဒုံးကျည်အနည်းငယ်သာ ပါဝင်ပြီး ယခင် ညများတွင် အစ္စရေးကို ပစ်မှတ်ထား၍ ဒုံးကျည်များစွာ တစ်ပြိုင်နက် ပစ်လွှတ်ခဲ့သည့်အခြေအနေနှင့် ကွဲပြားခြားနားကြောင်းဆိုသည်။

အစ္စရေး၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ Magen David Adom (MDA) က ဇွန် ၁၆ ရက် ညပိုင်းတွင် ဒုံးကျည်တိုက်ခိုက်မှုကြောင့် သေဆုံးသူ မရှိ သော်လည်း လူအချို့သည် ခိုလှုံရာနေရာများသို့ ပြေးသွားစဉ် အနည်းငယ် ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးတပ် (IRGC) ကမူ ဇွန် ၁၆ ရက်တွင် အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ တစ်ခုနှင့်တစ်ခု အပြန်အလှန်ချေမှုန်းမိစေရန် နည်းဗျူဟာအသစ်ကို အသုံးပြုခဲ့ပြီး ၎င်းတို့၏ ဒုံးကျည်များ ပစ်မှတ်ကို ထိမှန်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်ဟု ကြေညာခဲ့သည်။

အမေရိကန်အခြေစိုက် Quincy Institute for Statecraft ၏ ဒုတိယ ဥက္ကဋ္ဌ Trita Parsi က အစ္စရေး၏ ကာကွယ်ရေးစနစ်များသည် အီရန်၏ မပြတ်တမ်း တိုက်ခိုက်မှုများကြောင့် အားနည်းလာနေသည်ဟု သုံးသပ် ခဲ့သည်။ “အီရန်သည် အစ္စရေး၏ လေကြောင်းရန် ကာကွယ်ရေး စနစ် များကို ယခင်ကထက် ဒုံးကျည်အရေအတွက် နည်းနည်းဖြင့် ပစ်မှတ်ကို ပိုမိုထိရောက်အောင် အားပျော့သွားစေနိုင်ခဲ့ဟန်ရှိသည်” ဟု ၎င်းက ဆိုသည်။

ထိုအတောအတွင်း အစ္စရေးစစ်တပ်က ရန်သူ၏ ဒုံးကျည်ပစ်လွှတ်မှု စနစ်များ၏ သုံးပုံတစ်ပုံ (စုစုပေါင်း ၁၂၀ ခန့်) ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။ IDF အဆိုအရ ထိုစနစ်များသည် အီရန်တစ်ဝှမ်းတွင် ဖြန့်ကြက်ချထားသော အကြီးစား ဒုံးကျည်ပစ်လွှတ်မှုစနစ်များဖြစ်ပြီး တစ်ခုစီသည် အစ္စရေးနယ်မြေနှင့် နယ်မြေရှိ ဗျူဟာမြောက် အချက် အချာ နေရာများကို ဒုံးကျည်များစွာ ပစ်လွှတ်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

တဲလ်အဗစ်နှင့် တီဟီရန်အကြား ပဋိပက္ခသည် ဇွန် ၁၃ ရက်တွင် အစ္စရေး က "Lion Rising" စစ်ဆင်ရေးဖြင့် အီရန်ကို ကြိုတင် တိုက်ခိုက်မှု စတင်ခဲ့ပြီး အကြီးတန်းစစ်ဘက်အရာရှိကြီးများနှင့် နျူကလီးယား သိပ္ပံ ပညာရှင်များစွာ သေဆုံးခဲ့သည်။ အီရန်ဘက်မှလည်း "True Promise 3" စစ်ဆင်ရေးဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

အဆိုပါတုံ့ပြန်တိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် အရပ်သားများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ အီရန်အရာရှိများ၏ ပြောဆိုချက်အရ ငါးရက်အတွင်း အရပ်သား ၂၂၄ ဦး သေဆုံးပြီး ၁,၂၂၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အစ္စရေးဘက်တွင် အရပ်သား ၂၄ ဦး သေဆုံးကာ ၅၉၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂