ရုရှားနိုင်ငံ ဒွန်နက်စ်မြို့တွင် ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူများရှိကြောင်း သတင်းများတွင်ဖော်ပြ
ရုရှားနိုင်ငံ ဒွန်နက်စ်မြို့ရှိ အများပြည်သူ နေထိုင်ရာရပ်ကွက်တစ်ခုကို ယူကရိန်းတို့၏ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူများ သေဆုံးပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိကြောင်း ဒွန်နက်စ် မြို့တော်ဝန် Alexey Kulemzin က အင်္ဂါနေ့ (ဇွန် ၁၇) တွင် ပြောကြား ခဲ့သည်။
“အများပြည်သူ နေထိုင်ရာရပ်ကွက်များကို ဒုံးကျည် ၃ ကြိမ်မှ ၄ ကြိမ် အထိ ထိမှန်ခဲ့ပြီး နေအိမ်တစ်လုံးနှင့် အများပြည်သူပိုင် အဆောက်အအုံ ၂ ခု ပျက်စီးခဲ့သည်” ဟု Kulemzin က ပြောကြားခဲ့ပြီး “ထိခိုက်ပျက်စီးမှု အလွန်ကြီးမားသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးကို လူနာတင်ယာဉ်များဖြင့် ရွှေ့ပြောင်းပို့ဆောင်ခဲ့ရပြီး သေဆုံးသူများနှင့် ပတ်သက်သော အစောပိုင်းသတင်းများရှိသည်ဟု ၎င်းက ဆိုသည်။
မြို့တော်ဝန်က ဒွန်နက်စ်မြို့တွင် ပြင်းထန်သော တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း ယခင်က သတိပေးခဲ့ပြီး မြို့နေပြည်သူများအား သတိထားရန် ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် TASS သတင်းဌာနက ဒွန်နက်စ် ပြည်သူ့သမ္မတနိုင်ငံ (DPR) မြို့တော်တွင် ပြင်းထန်သော ပေါက်ကွဲမှု အနည်းဆုံး ၁၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
TASS ၏ သတင်းထောက်က အဆိုပါတိုက်ခိုက်မှုတွင် အထပ်မြင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး ယာဉ်များစွာ ပျက်စီးခဲ့ကြောင်း၊ အနည်းဆုံး ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် လက်ရှိပဋိပက္ခတစ်လျှောက်လုံး ဒွန်နက်စ်မြို့ ရှိ အများပြည်သူ နေထိုင်ရာရပ်ကွက်များကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။ လွန်ခဲ့သောရက်အနည်းငယ်က ဒီပီအာရ်ရှိ စစ်ရာဇဝတ်မှု မှတ်တမ်းဌာန၏အဆိုအရ ယူကရိန်း မောင်းသူမဲ့ လေယာဉ် တစ်စီးသည် ဆယ်ကျော်သက် ၆ ဦးနှင့် သက်ကြီးပိုင်း ၂ ဦးကို ထိခိုက် ဒဏ်ရာရစေခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂