ဟိုင်ဖာရှိ အစ္စရေးရေနံကုမ္ပဏီ အီရန်၏ တိုက်ခိုက်မှုခံခဲ့ရသော်လည်း လောင်စာဆီချို့တဲ့မှု မရှိကြောင်းထုတ်ပြန်
အစ္စရေးနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၆ တွင် ဟိုင်ဖာမြို့ရှိ ရေနံ ချက်စက်ရုံကို အီရန်က တိုက်ခိုက်မှုမတိုင်မီကတည်းက လောင်စာဆီ လုံလောက်စွာစုဆောင်းထားရှိရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည့် အတွက် လောင်စာဆီချို့တဲ့မှု မရှိဟု ပြောကြားခဲ့သည်။
“ဝန်ကြီးဌာနအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး အစ္စရေး တွင် သိုလှောင်စုဆောင်းထားသော လောင်စာဆီ ပမာဏများစွာရှိပြီး လောင်စာဆီ ရှားပါးမှု မဖြစ်နိုင်ပါ ၊ ဟိုင်ဖာရှိ Bazan ရေနံချက်စက်ရုံ ထိခိုက်ပျက်စီးမှုများရှိသော်လည်း ကုမ္ပဏီများအား လောင်စာဆီ ဖြန့်ဝေရာတွင် အခက်အခဲ မရှိနိုင်ကြောင်း မျှော်လင့်ထားပါသည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တနင်္လာနေ့ (ဇွန် ၁၆) အစောပိုင်းက အီရန်၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၏ Bazan Group ရေနံကုမ္ပဏီမှ ဝန်ထမ်း ၃ ဦး သေဆုံးခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
အစ္စရေး၏ အကြီးမားဆုံးနှင့် ပေါင်းစပ်ပါဝင်မှုအများဆုံး စွမ်းအင် အုပ်စုများထဲမှတစ်ခုဖြစ်သည့် ဟိုင်ဖာအခြေစိုက် Bazan က Tel Aviv Stock Exchange သို့ ပေးပို့သည့် အစီရင်ခံစာတစ်ခုတွင် ပျက်စီးမှုနှင့် ဝန်ထမ်း သေဆုံးမှုများကို ဖော်ပြခဲ့သည်။ ပေးပို့မှုတွင် “စက်ရုံအတွင်းရှိ ဆက်စပ် စက်လိုင်းများအတွက် ရေနွေးငွေ့နှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးသည့် ဓာတ်အားပေးစက်ရုံ ပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ပြီး ရေနံချက်စက်ရုံနှင့် ၎င်း၏ ဆက်စပ်စက်ရုံအားလုံး ပိတ်သိမ်းထားရကြောင်း” ဖော်ပြထား သည်။
အစ္စရေးက အီရန်သည် တနင်္လာနေ့ (ဇွန် ၁၆) အစောပိုင်းတွင် ဒုံးကျည် အမြောက်အမြားဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု ပြောကြားပြီးနောက် ကမ်းရိုးတန်းမြို့ဖြစ်သော ဟိုင်ဖာမြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားကာ အဆောက်အဦများ ပျက်စီးခဲ့ပြီး အခြေခံအဆောက်အအုံများ မီးလောင်ကျွမ်းခဲ့သည်။
ကိုးကား- CNN
Photo: The Times of Israel
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂