မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးလက်ကျန်းမာရေးဦးစီးဌာနရုံးမှ ဌာနပိုင် ဆိုင်ကယ် နှစ်စီးနှင့် Samsung Tablet သုံးလုံးတို့အား ခြိမ်းခြောက်ယူဆောင်
17 June 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်နက်အားကိုးဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၅ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ညောင်ပင်အေးကျေးရွာရှိ ကျေးလက်ကျန်းမာရေးဦးစီးဌာနရုံး၌ လက်ထောက်ကျန်းမာရေးမှူး-၂ ဦးခင်မောင်စိုး(၄၆)နှစ်နှင့် ဝန်ထမ်း သုံးဦးတို့ ရှိနေစဉ် သေနတ်များ ကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်(စိစစ်ဆဲ)က ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါရုံးရှိ ဌာနပိုင် 59W-XXXX HONDA DREAM 125 ဆိုင်ကယ် တစ်စီး၊ 64W-XXXX TVS 110 ဆိုင်ကယ် တစ်စီးနှင့် Samsung Tablet သုံးလုံးတို့အား ခြိမ်းခြောက်ယူဆောင်ကာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ထိုသို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနရုံးအတွင်း ဝင်ရောက်၍ ဌာနပိုင် ဆိုင်ကယ် နှစ်စီးနှင့် Samsung Tablet သုံးလုံးတို့အား ခြိမ်းခြောက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA