ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိ
17 June 2025
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာ အသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာနှင့် ကျောက်ပုံဆိပ်ကျေးရွာအနီး၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ နေရာအနီး ဖြတ်သန်းသွားလာနေသည့် ရွှေကျင်မြို့နယ်၊ ခြေတော်ရာကျေးရွာနေ ဦးမင်းနိုင်ဦး(၃၂)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တိုးတိုးလွင်(၃၆)နှစ်၊ အင်းဂနီကျေးရွာနေ မခိုင်လွင်ဦး(၁၇)နှစ်၊ ကန့်နီကျေးရွာနေ မသင်းရတီထွေး သုံးနှစ်တို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA