မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

18 June 2025

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ ရွှေပေါက်ပင်ရပ်ကွက်နေ ဦးမင်းဇော်(၄၄)နှစ်သည် သားဖြစ်သူ မောင်ဖြိုးမင်းသူ(၁၆)နှစ်၊ တစ်ရွာတည်းနေ မောင်ပြည့်ဖြိုးဇော်(၁၇)နှစ်တို့နှင့်အတူ အဆိုပါရပ်ကွက်ရှိ ဦးထွေးလင်း၏ သရက်ခြံဝင်ပေါက်အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင် ထားသည့် နင်းမိုင်း တစ်လုံးအား ဦးမင်းဇော်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် ဝဲ/ယာဒူးအောက် ပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး မောင်ဖြိုးမင်းသူနှင့် မောင်ပြည့်ဖြိုးဇော်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။  
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA