နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှု ပေါက်ကြားခြင်းအတွက် ဟွန်ဆန်ကို ထိုင်းဝန်ကြီးချုပ်ရှုတ်ချ

News Image

  • နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှု ပေါက်ကြားခြင်းအတွက် ဟွန်ဆန်ကို ထိုင်းဝန်ကြီးချုပ်ရှုတ်ချ

နှစ်နိုင်ငံခေါင်းဆောင်များအကြား ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုများ ဆွေးနွေးခဲ့သည့် သီးသန့်ဖုန်းခေါ်ဆိုမှုကို အသံဖမ်းယူထားပြီး အဆိုပါ အသံဖိုင် ပေါက်ကြားခဲ့ခြင်းသည် သံတမန်ရေးရာ ယုံကြည်မှုကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်က ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် ကို စွပ်စွဲ ပြောကြား လိုက်သည်။

ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ၁၇ မိနစ်ကြာ ဖုန်းခေါ်ဆိုမှုသည် ငြိမ်းချမ်းရေးကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန် ရည်ရွယ်ခဲ့ကြောင်း ပေထုံတန်ကဆိုသည်။ သို့သော် အဆိုပါ ပြောဆိုမှုကို ဟွန်ဆန်က နိုင်ငံရေးအကျိုးအတွက် အသုံးချခံခဲ့ရသည်ဟု သူမက ပြောဆိုခဲ့သည်။

“ဟွန်ဆန်၏ ရည်မှန်းချက်က နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက် မှုကို ထည့်မစဉ်းစားဘဲ ၎င်း၏လူကြိုက်များမှုကို မြှင့်တင်ဖို့ဆိုတာ အခုတော့ ရှင်းနေပါပြီ” ဟု သူမက ပြောကြားခဲ့ပြီး ဟွန်ဆန်သည် ၎င်း၏ ထောက်ခံမှုနှုန်းများ ကျဆင်းနေသည်ကို ဝန်ခံခဲ့ကြောင်းလည်း ထပ်လောင်း ပြောဆိုခဲ့သည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုမှ ၉ မိနစ်ကြာ အစိတ်အပိုင်း တစ်ခုသည် နောက်ပိုင်းတွင် ပြင်ပသို့ပေါက်ကြားခဲ့သည်။ ပေထုံတန်က ယုံကြည်မှု ပျက်ပြားသွားခြင်းကြောင့် ဟွန်ဆန်နှင့် ပုဂ္ဂိုလ်ရေးအရ စကားပြောဆို တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဟွန်ဆန်က ဖုန်းခေါ်ဆိုမှုကို မှတ်တမ်းတင်ခဲ့ပြီး လူ ၈၀ ခန့်သို့ မျှဝေ ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ယင်းသို့ မျှဝေရခြင်းသည် နောင်တွင် နားလည်မှု လွဲမှားခြင်းများကို ရှောင်ရှားရန် ရည်ရွယ်ခဲ့ပြီး ယခုအခါ အသံဖိုင် အပြည့်အစုံကို ထိုင်းအာဏာပိုင်များထံ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

ပေါက်ကြားခဲ့သည့် ဖုန်းခေါ်ဆိုမှု အပိုင်းအစတွင် ထိုင်းနိုင်ငံ ဒုတိယ စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဘွန်းဆင် ဖတ်ကလန် ကို ဝေဖန်မှုများ ပါဝင်ခဲ့သည်။ ပေထုံတန်က ၎င်း၏ မှတ်ချက်များသည် ဟွန်ဆန် အနေဖြင့် ဗိုလ်ချုပ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို သိရှိထားပြီး တင်းမာမှုများ လျှော့ချရန် ရည်ရွယ်သည့် ညှိနှိုင်းမှု နည်းဗျူဟာ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

“ကျွန်မရဲ့ ရည်ရွယ်ချက်က ပြေလည်အောင် လုပ်ဖို့ပါ” ဟု သူမက ဆိုသည်။

ဝန်ကြီးချုပ်က အခြေအနေကို ရှင်းပြရန် မိမိထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်းဆင်က အတည်ပြုခဲ့သည်။ “ကျွန်တော် နိုင်ငံရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆက်လက် တာဝန်ထမ်းဆောင်သွားပါမယ်” ဟုလည်း ၎င်းက   ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားခြင်းအပေါ် ဝန်ကြီးချုပ် ပေထုံတန် အနေဖြင့် နိုင်ငံရေးအရ တာဝန်ယူရန် အတိုက်အခံ ပြည်သူ့ပါတီ ခေါင်းဆောင် နတ်ထဖုန် ရွမ်ပန်ယာဝပ်က တောင်းဆိုလိုက်သည်။

နတ်ထဖုန်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် တင်းမာမှုများ လျှော့ချရေး ကြိုးပမ်းမှုများကို ထောက်ခံသော်လည်း ဝန်ကြီးချုပ်၏ ဖုန်းခေါ်ဆိုမှုအတွင်း ပြောဆိုခဲ့သည့် လေသံနှင့် ဆုံးဖြတ်ချက်ကို ဝေဖန် ခဲ့ပြီး အမျိုးသားခေါင်းဆောင်တစ်ဦးအနေဖြင့် မျှော်လင့်ထားသည့် ရင့်ကျက်မှု ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိဟု ထောက်ပြခဲ့သည်။

နယ်စပ်အငြင်းပွားမှုလေးခုကို နိုင်ငံတကာတရားရုံးသို့ တင်ပြခြင်းမှ ဟွန်ဆန်အား တားဆီးရန် အခွင့်အရေးအား လက်လွတ်ခဲ့ခြင်းအတွက်လည်း ၎င်းက ပြစ်တင်ခဲ့သည်။

ထိုင်းစစ်တပ်သည် အစိုးရနှစ်ခုလုံးနှင့် သဘောထားကွဲလွဲနေကြောင်း ပြောဆိုခဲ့ခြင်းအတွက်လည်း သူမကို နတ်ထဖုန်က ထပ်မံဝေဖန်ခဲ့သည်။ ယခင်က နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

နှစ်နိုင်ငံမှ အုပ်စုအချို့အနေဖြင့် လက်ရှိအခြေအနေကို နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနိုင်ကြောင်း နတ်ထဖုန်က သတိပေးခဲ့သလို အစိုးရအနေဖြင့် တင်းမာမှုများကို လျှော့ချရန် ဦးဆောင်ရမည်ဖြစ်သလို စစ်တပ်၏ လုပ်ဆောင်ချက်များသည် အရပ်သားအစိုးရ၏ အောက်တွင် တင်းတင်းကျပ်ကျပ် ရှိနေစေရမည်ဟု ပြောကြားသည်။   

ဖုန်းခေါ်ဆိုမှုပေါက်ကြားခြင်းသည် လူထုယုံကြည်မှုကို ထိခိုက်စေကြောင်း၊ ဝန်ကြီးချုပ်အနေဖြင့် ယုံကြည်မှုကို အမြန်ဆုံး မတည်ဆောက်နိုင်ပါက ဒီမိုကရေစီကို ကာကွယ်ရန်အတွက် ပါလီမန်ကို ဖျက်သိမ်းရန်နှင့် ပြည်သူသို့ အာဏာပြန်လည်အပ်နှင်းရန်တို့ကို နတ်ထဖုန်က တိုက်တွန်းခဲ့သည်။

ကိုးကား - Thai Enquirer

Photo: The Straits Times