ကင်ဂျုံအန်းနှင့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူ တွေ့ဆုံဆွေးနွေး

News Image

  • ကင်ဂျုံအန်းနှင့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူ တွေ့ဆုံဆွေးနွေး

ပြုံယမ်း၊ ဇွန် ၁၈ 

မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မြောက်ကိုရီးယား သို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်း လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူ နှင့် ဇွန် ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း KCNA သတင်းဌာန၏ ဇွန် ၁၈ ရက် သတင်းဖော်ပြချက်အရ သိရသည်။

“ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” လက်မှတ်ရေးထိုးသည့် တစ်နှစ်ပြည့် အခါသမယတွင် မြောက်ကိုရီးယား သို့ ခရီးစဉ် ရောက်ရှိလာသည့်အပေါ် ဆာဂေးရှိုးဂူ အား ကြိုဆိုကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ တွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်ဖက်အနေဖြင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့် အနာဂတ်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကင်ဂျုံအန်းက “အထူးစစ်ရေးလှုပ်ရှားမှုနှင့် Kursk ပြည်နယ် လက်ရှိ အခြေအနေများအပေါ် မှန်ကန်သည့် နားလည်မှုများကြောင့်” နှစ်နိုင်ငံ သဘောတူညီချက် အတိုင်းအတာအတွင်းတွင် မြောက်ကိုရီးယား၏ ပူးပေါင်းဆောင်ရွက်မှု အကြောင်းအရာများကို အတည်ပြုကာ သက်ဆိုင်ရာ အစီအစဉ်များကို သဘောတူညီခဲ့ပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်အလွှာက နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေ စသည်တို့အပေါ် အပြန်အလှန် ဂရုပြု စိုးရိမ်မှုများကို အမြင်သဘောထားချင်း ကျယ်ကျယ်ပြန့်ပြန့် ဖလှယ်ခဲ့ကြရာ သဘောတူညီချက်များ ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ရုရှားနိုင်ငံကို “အစဉ်အမြဲ မပြောင်းမလဲ ခြွင်းချက်မရှိ ထောက်ခံအားပေးမည်” ဖြစ်ကြောင်း၊ မြောက်ကိုရီးယား-ရုရှား နှစ်နိုင်ငံ သဘောတူညီချက်ပါ အကြောင်းအရာအသီးသီးကို စေ့စပ် သေချာစွာ ယခင်ကဲ့သို့ မပြောင်းမလဲ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇွန်လတွင် ကင်ဂျုံအန်းနှင့် ရုရှား သမ္မတ ပူတင်တို့သည် ပြုံယမ်းမြို့၌ “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့သည်။

ကိုးကား -အင်တာနက်စာမျက်နှာ

Photo: The Korea Herald