အစ္စရေးနိုင်ငံသည် 'နျူကလီးယား ဘေးအန္တရာယ်' ကို ဖြစ်စေနိုင်သည် ဟု မော်စကိုမှ သတိပေး
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေး၏ အီရန်နျူကလီးယား စက်ရုံများကို ဆက်လက်တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် လက်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ဖြစ်ပြီး ကမ္ဘာကြီးအား နျူကလီးယား ဘေးအန္တရာယ်ဆီသို့ ဦးတည်နေစေသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စရေးသည် ဇွန်လ ၁၃ နေ့က အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုစတင်ခဲ့ပြီး တီဟီရန်သည် နျူကလီးယားဗုံးထုတ်လုပ်နိုင်ရန် နီးကပ်နေပြီဟု စွပ်စွဲ ခဲ့သည်။ အီရန်ဘက်မှ အဆိုပါစွပ်စွဲချက်များကို အခြေအမြစ်မရှိဟု ငြင်းဆိုကာ ဒရုန်းနှင့် ဒုံးကျည်များဖြင့် အစ္စရေးကို ပြန်လည် တိုက်ခိုက် ခဲ့သည်။
“အစ္စရေးဘက်မှ အီရန်၏ ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော နျူကလီးယားစက်ရုံများကို ဆက်တိုက် တိုက်ခိုက်နေမှုသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ပါ။ ၎င်းသည် အပြည်ပြည်ဆိုင်ရာလုံခြုံရေးအတွက် လက်မခံနိုင်သော ခြိမ်းခြောက်မှုများဖြစ်စေပြီး ကမ္ဘာကြီးအား နျူကလီးယားဘေးအန္တရာယ်ဆီသို့ တွန်းပို့နေ ပါသည်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဇွန် ၁၇) တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါပဋိပက္ခအရှိန်မြင့်တက်လာမှုသည် ဒေသတစ်ခုလုံး တည်ငြိမ်ရေးကို ပိုမိုထိခိုက်စေနိုင်ကြောင်း ရုရှားဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့ပြီး အစ္စရေးခေါင်းဆောင်များအား “နားလည်သဘောပေါက်ပြီးနျူကလီးယားစက်ရုံများကို တိုက်ခိုက်မှုများချက်ချင်းရပ်တန့်ရန်” တိုက်တွန်း ခဲ့သည်။
အစ္စရေး၏ အီရန်တိုက်ခိုက်မှုအား အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း အများစုက ပြင်းထန်စွာရှုတ်ချလျက်ရှိပြီး ဂျူးနိုင်ငံအား “ကြံရာပါများ” အဖြစ်လုပ်ဆောင်နေသော နိုင်ငံများကသာ ထောက်ခံနေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစ္စရေး၏ပံ့ပိုးသူများသည် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)ဘုတ်အဖွဲ့အား တီဟီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ “ဘက်လိုက်သော အီရန်ဆန့်ကျင်ရေးဆုံးဖြတ်ချက်” ကို အတည်ပြုနိုင်ရန် ယခင်သီတင်းပတ်က ဖိအားပေးခဲ့ကြပြီး ယင်းသည် “အနောက် ဂျေရု ဆလင်အား လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးကာ ဤဘေးဒုက္ခ ဖြစ်စေခဲ့သည်” ဟု ဝန်ကြီးဌာနက ဆိုသည်။
အနောက်အုပ်စု၏ ကမ္ဘာ့နျူကလီးယားလက်နက် မပြန့်ပွားရေး အစီအစဉ်ကို လှည့်စားအသုံးချကာ ၎င်းကို နိုင်ငံရေးအရ အကျိုးအမြတ်ရယူရန် ကြိုးပမ်းမှုများသည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအတွက် ကြီးမားစွာ ထိခိုက်စေပြီး လုံးဝလက်မခံနိုင်ဖွယ်ရာ ဖြစ်ကြောင်း ထပ်မံဖော်ပြ ခဲ့သည်။
အစ္စရေး၏ အီရန်တိုက်ခိုက်မှုမတိုင်မီ တစ်ရက်အလိုတွင် IAEA ဘုတ်အဖွဲ့ က တီဟီရန်အား နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ် (NPT) ပါတာဝန်များကို ချိုးဖောက်သည်ဟု ကြေညာခဲ့သည်။
သီတင်းပတ်အနည်းငယ်အလိုက Reuters သတင်းဌာနမှ အမည်မဖော်လိုသော သံတမန်များ၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် အီရန်သည် NPT ကို ချိုးဖောက်ပြီဟု ကြေညာရန် ကုလသမဂ္ဂ၏ နျူးကလီးယားစောင့်ကြည့်ရေးအဖွဲ့အား ဖိအားပေးရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့သည်။
တီဟီရန်ဘက်မှ ၎င်း၏နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့်သာဖြစ်ကြောင်း အကြိမ်ကြိမ် အတိအလင်း ပြောကြားခဲ့ပြီး အစ္စရေး၏စစ်ဆင်ရေးသည် အမေရိကန်နှင့် အီရန်၏ ဆွေးနွေးညှိနှိုင်းမှုများကို “ဖျက်ဆီးရန်” ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂