အီရန်ကိုတိုက်ခိုက်ပါက ဆိုးရွားသည့်အကျိုးဆက်များ ရှိလာမည်ဟု အမေရိကန်ကို အီရန်ခေါင်းဆောင်သတိပေး

News Image

  • အီရန်ကိုတိုက်ခိုက်ပါက ဆိုးရွားသည့်အကျိုးဆက်များ ရှိလာမည်ဟု အမေရိကန်ကို အီရန်ခေါင်းဆောင်သတိပေး

တီဟီရန် ဇွန် ၁၈ 
အမေရိကန်နိုင်ငံ အနေဖြင့် အီရန်ကို စစ်ရေးအရတိုက်ခိုက်ခဲ့ပါက ပြန်လည်ကုစား၍မရနိုင်သည့်အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အီရန် ခေါင်းဆောင်အယာတိုလာခါမေနီ က ယနေ့တွင် သတိပေးခဲ့သည်။ 
ခြွင်းချက်မရှိ လက်နက်ချရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို ဇွန် ၁၇ ရက်တွင် တောင်းဆိုခဲ့ပြီးနောက် အီရန် ခေါင်းဆောင် အယာတိုလာခါမေနီ ၏ သတိပေးချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

အီရန်ပြည်သူများ အနေဖြင့် ခြိမ်းခြောက်မှုများအား အသာတကြည်လက်ခံမည်မဟုတ်သလို အတင်းဖန်တီးထားသော ငြိမ်းချမ်းရေးနှင့်စစ်ပွဲများကိုလည်း လက်ခံမည်မဟုတ်ကြောင်း အီရန် ခေါင်းဆောင် အယာတိုလာခါမေနီ က ပြောကြားခဲ့သည်။ 
အစ္စရေးနှင့်အီရန်တို့ကြားငါးရက် မြောက်နေ့အဖြစ် စစ်ရေးပဋိပက္ခ များဖြစ်ပွားနေချိန်တွင် အီရန်ကို ခြွင်းချက်မရှိလက်နက်ချရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အမေရိကန် အစိုးရသည် အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ရာတွင် အစ္စရေးနှင့်ပူးပေါင်းပါဝင်ရေးအတွက် စဉ်းစားနေကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
လက်ရှိဖြစ်ပွားနေသော အီရန်-အစ္စရေးစစ်ရေးပဋိပက္ခ၌ အမေရိကန်နိုင်ငံ တိုက်ရိုက်ကြားဝင်ခဲ့ပါက လက်တုံ့ပြန်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက သတိပေးထားသည်။

Ref: RT

Trs: KKO