အိန္ဒိယသည် ကက်ရှ်မီးယားကိစ္စတွင် တတိယပါတီ၏ ကြားဝင်စေ့စပ်ခြင်းကို မည်သည့်အခါမျှ လက်မခံနိုင်ဟု မိုဒီမှ ထရမ့်အား ပြောကြား

News Image

  • အိန္ဒိယသည် ကက်ရှ်မီးယားကိစ္စတွင် တတိယပါတီ၏ ကြားဝင်စေ့စပ်ခြင်းကို မည်သည့်အခါမျှ လက်မခံနိုင်ဟု မိုဒီမှ ထရမ့်အား ပြောကြား

 အိန္ဒိယနိုင်ငံသည် ဂျမူးနှင့် ကက်ရှ်မီးယားပြဿနာနှင့်ပတ်သက်၍ အစ္စလာမ်မာဘတ်နှင့် ဖြေရှင်းရန် ကြားဝင်စေ့စပ်ဆောင်ရွက်မှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံတွင် ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးမှ အချိန် မတိုင်မီ ရုတ်တရက် ထွက်ခွာသွားသော အမေရိကန်သမ္မတနှင့် မိုဒီတို့သည် ဇွန်လ ၁၇ ရက်နေ့တွင် ၃၅ မိနစ်ကြာ တယ်လီဖုန်းစကားပြောဆိုခဲ့ကြပြီး နယူးဒေလီ၏ နှစ်နိုင်ငံကိစ္စရပ်များနှင့်ပတ်သက်သည့် သဘောထား ရပ်တည်ချက်ကို မိုဒီ မှ ထပ်မံအတည်ပြုခဲ့ပါသည်။

“ဝန်ကြီးချုပ်မိုဒီက အိန္ဒိယသည် ကြားဝင်စေ့စပ်ဆောင်ရွက်မှုကို ယခင် ကလည်း လက်မခံခဲ့ပါ၊ ယခုလည်းလက်မခံပါ၊ နောင်လည်း လက်မခံ နိုင်ကြောင်း အားလုံးသိအောင် ပြောခဲ့သည်” ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Vikram Misri က ဇွန်လ ၁၇ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါကိစ္စ နှင့်ပတ်သက်၍ အိန္ဒိယတွင် နိုင်ငံရေးအရ လုံးဝသဘောတူညီမှု ရှိပါသည် ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က အမေရိကန်ဘက်မှ စတင်ဆက်သွယ်ခဲ့သည်ဟု ဖော်ပြခဲ့သော ထိုဖုန်းဆက်ဆွေးနွေးမှုတွင် သမ္မတထရမ့်က G7 ထိပ်သီးအစည်းအဝေးတက်ပြီးနောက် အမေရိကန်သို့ လာရောက်ရန် မိုဒီအား ဖိတ်ကြားခဲ့သော်လည်း ကြိုတင်စီစဉ်ထားသော အစီအစဉ်များကြောင့် အိန္ဒိယခေါင်းဆောင်က ထိုဖိတ်ကြားချက်ကို လက်မခံနိုင်ခဲ့ကြောင်း Misri က ဖြည့်စွက်ပြောကြားခဲ့သည်။

တောင်အာရှနိုင်ငံနှစ်ခုဖြစ်သော အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား လွန်ခဲ့သည့်လက စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီးနောက် အိန္ဒိယက ကြားဝင်စေ့စပ်ဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

မေလ ၇ ရက်တွင် အိန္ဒိယက ပါကစ္စတန်ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ အကြမ်းဖက်သံသယရှိသည့်နေရာများကို “ဧပြီလက ဂျမူးနှင့် ကက်ရှ်မီးယား (အိန္ဒိယနယ်မြေ) တွင် ဖြစ်ပွားခဲ့သော ပါကစ္စတန်ကို စွပ်စွဲထားသည့် အကြမ်းဖက်တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့်” လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ပါကစ္စတန်က အိန္ဒိယ၏ တိုက်ခိုက်မှု ကို ပြန်လည်တုံ့ပြန်ခဲ့ပြီး မေလ ၁၀ ရက်တွင် စစ်ပြေငြိမ်းရေး ကြေညာချက် ထုတ်ပြန်သည်အထိ နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက် ဖြစ်ပွား ခဲ့သည်။

ထရမ့်က အဆိုပါစစ်ပြေငြိမ်းရေးအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူစွာ အသိ အမှတ်ပြုခဲ့ပြီး နောက်ပိုင်းတွင်လည်း ထိုသို့ပြောဆိုမှုများ ထပ်လောင်း ပြုလုပ်ခဲ့သည်။ သို့သော် နယူးဒေလီအစိုးရက ထရမ့်၏ ထိုပြောဆိုချက် ကို ငြင်းဆိုခဲ့သည်။

ဇွန်လ ၁၇ ရက်က မိုဒီနှင့် ထရမ့်တို့၏ဖုန်းစကားပြောဆိုမှုသည် ဇွန်လ ၁၈ ရက်တွင် ထရမ့်နှင့် ပါကစ္စတန်တပ်မှူး ဗိုလ်ချုပ်ကြီး Syed Asim Munir တို့ နေ့လယ်စာ စားပွဲကျင်းပမည့်အချက်နှင့်ပတ်သက်၍ အထူး အရေးပါမှု ရှိလာသည်။ (ဗိုလ်ချုပ်ကြီး Munir သည် လက်ရှိတွင် အမေရိကန်သို့ရောက်ရှိနေပါသည်။)

မေလတွင် နှစ်နိုင်ငံစစ်ပြေငြိမ်းရေးကြေညာပြီးနောက် ထရမ့်က ၎င်းသည် ကုန်သွယ်မှုကို အခြေပြုကာ ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးခဲ့သည်ဟု ပြောဆိုခဲ့သည်။ သို့သော် မိုဒီက ဇွန်လ ၁၇ ရက်ဖုန်းဆက်ဆွေးနွေးမှုတွင် အိန္ဒိယ-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက်သည် စစ်ပြေငြိမ်းရေးနှင့် မည်သို့မျှသက်ဆိုင်မှုမရှိကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည်ဟု အတွင်းဝန် Misri က ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂