ထရမ့်၏ အီရန်အပေါ်တိုက်ခိုက်ရေးနှင့်ပတ်သက်၍ အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ချရန် ဝိရောဓိဖြစ်နေသော အချက်များရှိနေ

News Image

  • ထရမ့်၏ အီရန်အပေါ်တိုက်ခိုက်ရေးနှင့်ပတ်သက်၍ အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ချရန် ဝိရောဓိ အချက်များရှိနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်ကို ပစ်ခတ်တိုက်ခိုက်ရန် ဆုံးဖြတ်ချက်သည် ဝိရောဓိ ဖြစ်နေသော အချက်အလက်များကြောင့် ရှုပ်ထွေးနေသည်ကိုတွေ့ရှိရသည်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ အကဲဖြတ်ချက်အရ အီရန် သည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရန် နောက်ထပ် (၃) နှစ်ခန့် ကြာမည်ဟု ဆိုသည်။ သို့သော် အစ္စရေးက အထောက်အထားမပြဘဲ အီရန်သည် အချိန်တိုအတွင်း နျူကလီးယားဗုံးပြုလုပ်ရန် အလျင်အမြန် ကြိုးစားနေသည်ဟု ဆိုသည်။ အဆိုပါအချက်နှစ်ခု၏ မှန်ကန်နိုင်မှုရာခိုင်နှုန်းအပေါ် ထရမ့်အနေဖြင့် စဉ်းစားသုံးသပ်နေနိုင်ကြောင်း ဆိုကြသည်။ 

အစ္စရေးသည် လွန်ခဲ့သော (၅) ရက်အတွင်း အီရန်၏ လုံခြုံရေး အခြေစိုက်စခန်းများနှင့် အခြေခံအဆောက်အအုံများကို တိကျစွာသိရှိပြီး ထိုအချက်ကို အသုံးချကာ ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့သည်။သို့သော် အမေရိကန်၏ ထောက်လှမ်းရေးစနစ်သည် ကမ္ဘာ့အဆင့်မီအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ထရမ့်၏ ဆုံးဖြတ်ချက်သည်ဆန့်ကျင်ဘက်ဖြစ်နေသော အချက်အလက်များနှင့် ကျိုးကြောင်း ဆင်ခြင်မှုများကြောင့် လွှမ်းမိုးခံရမည် ဖြစ်သည်။ 

မိမိ၏ ထောက်လှမ်းရေးအဖွဲ့များက နျူကလီးယားဗုံးထုတ်လုပ်နိုင်ရန် အချိန်ကာလ ဝေးကွာသည်ဟု အကဲဖြတ်ထားသော နိုင်ငံတစ်ခုကို တိုက်ခိုက်ရန် ဆုံးဖြတ်မှုသည် လွန်စွာအရေးကြီးသည်ဟု ဆိုကြသည်။ အဘယ်ကြောင့် မိမိ၏ ထောက်လှမ်းရေးအဖွဲ့များက ဖြစ်နိုင်ခြေမရှိဟု ဆုံးဖြတ်ထားသော အရာတစ်ခုကို တားဆီးရန် ရည်ရွယ်ချက် တစ်ခုတည်း ဖြင့် ပဋိပက္ခတစ်ခုထဲသို့ ဇွတ်ဆွဲသွင်းခံမည်ဆိုပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် စဉ်းစားချင့်ချိန်နေဟန်ရှိသည်ဟု သုံးသပ်နေ ကြသည်။

အစ္စရေး၏ လုပ်ဆောင်ချက်တွင် ပါဝင်ခြင်းသည် ကိုယ်ပိုင် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟုက အီရန်သည် နျူကလီးယားလက်နက်ဖန်တီးရန် လျှို့ဝှက်စွာ အလျှင်အမြန်လုပ်ဆောင်နေသည်ဟု ဆိုသည်။ အကယ်၍ ထိုသို့ဆိုလျှင် အီရန်သည် လျှို့ဝှက်စွာ လုပ်ဆောင်နေပြီး Fordow တောင်ကုန်း၌ တည်ရှိသော ယူရေနီယမ် ထပ်တိုးသန့်စင်သည့် အဆောက်အဦကို တစ်ကြိမ်တည်း ပစ်ခတ်ဖျက်ဆီးခြင်းဖြင့် လုံးဝရပ်တန့်နိုင်မည် မဟုတ်ဘဲပုန်းကွယ်နေသော ပစ်မှတ်များစွာကို ထပ်ခါထပ်ခါ တိုက်ခိုက်ရမည် ဖြစ်သည်။ 

အမေရိကန်သည် Fordow နျူကလီးယားစက်ရုံကို GBU-57 “ဘန်ကာ-ဘာစတာ” ဗုံးဖြင့် တိုက်ခိုက်ရန် စဉ်းစားနေသော်လည်း ထိုဗုံးသည် အဆောက်အဦကို ဖောက်ထွင်းနိုင်မည်ဟု အာမခံချက် မရှိပေ။ ၂၀၁၉ ခုနှစ် New York Times အစီရင်ခံစာအရ စမ်းသပ်မှုများက ဖောက်ထွင်း နိုင်သည်ဟု ဖော်ပြထားသော်လည်း ထရမ့်သည် “ဖြစ်နိုင်ခြေရှိသည်” ဆိုသော အချက်ပေါ်မူတည်ကာ အခြားပဋိပက္ခတစ်ခုထဲသို့ မဝင်လိုဟု ရှုမြင်နေကြသည်။

ထရမ့်အတွက် အိပ်မက်ဆိုးတစ်ခုမှာ အစ္စရေး၏ လုပ်ဆောင်ချက်တွင် ပါဝင်ပြီး Fordow ကို ဖျက်ဆီးမိသော်လည်း အီရန်၏ နျူကလီးယား အစီအစဉ်သည် တစ်နည်းနည်းဖြင့် ဆက်လက်ရှင်သန်နေသည်ကို တွေ့ရှိရခြင်းဖြစ်နိုင်သည်။ ထိုအခါ အီရန်ခေါင်းဆောင်များသည် ၎င်းတို့၏ အသက်ရှင်ရေးအတွက် နျူကလီးယားလက်နက်ထုတ်လုပ်ရန် အပြင်းအထန် ကြိုးစားလာနိုင်သည်။

အစ္စရေး၏ ထောက်လှမ်းရေးသည် လွန်ခဲ့သော (၁၈) လအတွင်း အလွန် တိကျမှန်ကန်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမက် ၏ အကြီးစား တိုက်ခိုက်မှုကို ကြိုတင်မသိရှိခဲ့ပေ။ ထိုအချက်ကို ကြည့်ခြင်း အားဖြင့် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်း မရှိသည်ကို တွေ့နိုင်သည်။ ထိုအချက်သည် ထရမ့်၏ အီရန်အပေါ် တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ရန် စဉ်းစားဆင်ခြင်မှုကို နှောင့်ယှက်နေသည်ဟု သုံးသပ်ကြသည်။

ကိုးကား- CNN

Photo: aa.com.tr

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂