ခါမေနီက အမေရိကန်နှင့် အီရန်ညှိနှိုင်းနေစဉ်အတွင်း အစ္စရေးက တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကို ပြင်းထန်စွာဝေဖန်
အီရန်ခေါင်းဆောင် အယ်လီ ခါမေနီက အမေရိကန်နှင့် အဏုမြူ အစီအစဉ် ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေစဉ် အစ္စရေးက တိုက်ခိုက်မှုများ စတင်ခဲ့သည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
အစ္စရေးက အီရန်ကို လွန်ခဲ့သည့်သီတင်းပတ်က တိုက်ခိုက်ခဲ့စဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်-အီရန် ဆွေးနွေးမှုများ ဆက်လက်ရှိနေချိန်တွင် စစ်ဆင်ရေးလုပ်ရပ်များ မဆောင်ရွက်ရန် အစ္စရေးကို အစပိုင်းတွင် သတိပေးခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း အစ္စရေး၏လုပ်ရပ်သည် တစ်ဖက်သတ်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
သို့သော် ထရမ့်အစိုးရအရာရှိများက နောက်ပိုင်းတွင် အစ္စရေး၏ လုပ်ရပ်ကို ထောက်ခံပြောဆိုမှုများ ပြုလုပ်လာကာ အမေရိကန်သည်လည်း ၎င်းစစ်ဆင်ရေးတွင် ပါဝင်လာနိုင်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။ ထရမ့်က လွန်ခဲ့သည့်သီတင်းပတ်က အီရန်၏အဏုမြူချဲ့ထွင်မှု အစီအစဉ် ကို ရပ်ဆိုင်းရန် “သဘောတူညီမှုရရှိရေး အခွင့်အလမ်းများစွာ ပေးခဲ့ကြောင်း” ပြောကြားခဲ့ပြီး အီရန်က ထိုသို့မလုပ်ဆောင်ခဲ့ဟု ဆိုသည်။
သို့သော် ယနေ့ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုသတင်းစကားတွင် ခါမေနီက အစ္စရေး၏တိုက်ခိုက်မှုသည် “မိမိတို့၏အရာရှိများ အမေရိကန်နှင့် သွယ်ဝိုက်ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ပြီး အီရန်ဘက်မှ စစ်ရေး သို့မဟုတ် တင်းမာသည့်လုပ်ရပ်များ လုပ်ဆောင်မည့်အရိပ်အယောင် လုံးဝမရှိခဲ့ကြောင်း” အားလုံးသိရှိစေရန် ထည့်သွင်းပြောကြားခဲ့သည်။
အစ္စရေး၏ “အမေရိကန်မဟာမိတ်များ ဝင်ရောက်စွက်ဖက်လာခြင်းသည် ဇီယွန်ဝါဒီအစိုးရ၏ အားနည်းချက်နှင့် မစွမ်းဆောင်နိုင်မှု၏ လက္ခဏာ တစ်ရပ်ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။
“အီရန်နိုင်ငံသားများနှင့် လက်နက်ကိုင်တပ်ဖွဲ့များက ယခင်က ပြင်းထန်စွာ အရေးယူခဲ့ပြီး၊ ဆက်လက်အရေးယူနေဆဲဖြစ်ကာ၊ အနာဂတ်တွင်လည်း အလားတူ အရေးယူမှုများ စီစဉ်ထားသည်မှာ ရန်သူကို အားနည်းစေ ခဲ့သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ခါမေနီက အီရန်နိုင်ငံသားများအား ၎င်းတို့၏ဘဝများကို အားမာန် အပြည့်ဖြင့် ဆက်လက်ရှင်သန်ရန် တိုက်တွန်းခဲ့သည်။
ကိုးကား- CNN
Photo: The New York Times
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂