အမေရိကန်ထောက်လှမ်းရေးဌာနက တီဟီရန်မှ ဝါရှင်တန်ကို ပြန်လည် တုံ့ပြန်မှုအန္တရာယ်အကြောင်း သတိပေးထား
အမေရိကန်ထောက်လှမ်းရေးအဖွဲ့များ၏ အဆိုအရ အကယ်၍ ထရမ့်က အမေရိကန်စစ်တပ်အား အစ္စရေး၏ လေကြောင်း တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် အမိန့်ပေးပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စခန်းများသည် တီဟီရန်၏ ပစ်မှတ်ဖြစ်လာနိုင်သည်ဟု ယုံကြည်ထားသည်။
အမည်မဖော်လိုသော အမေရိကန်အရာရှိများက ဇွန်လ ၁၇ ရက်တွင် တီဟီရန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စခန်းများကို တိုက်ခိုက်လိုပါက “အထူးပြင်ဆင်မှုများ မလိုအပ်ဘဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ကြောင်း” ပြောဆိုခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးက “အီရန် စစ်တပ်သည် ဘာရိန်း၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကဲ့သို့သော အမေရိကန်စစ်စခန်းများရှိသည့် နိုင်ငံများအားလုံးကို လွယ်ကူစွာပစ်မှတ်ထားနိုင်သည့် ဒုံးကျည်များကို တပ်ဆင်ထားပြီး ဖြစ်သည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုအကဲဖြတ်ချက်များသည် အီရန်၏ ဒုံးကျည်တပ်ဆင်မှုဆိုင်ရာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ အစီရင်ခံစာများအပေါ် အခြေခံထားခြင်း ဖြစ်သည်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့များက တီဟီရန်သည် အကယ်၍ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်အား အစ္စရေး၏ လေကြောင်း တိုက်ခိုက်ရေးတွင်ပါဝင်ရန် အမိန့်ပေးပါက အရှေ့အလယ်ပိုင်းဒေသရှိအမေရိကန်တပ်ဖွဲ့များနှင့် အကျိုးစီးပွားများကို ပစ်မှတ်ထားသည့် လက်စားချေမှုများအတွက် ဒုံးကျည်များနှင့် လိုအပ်သော လက်နက်များ ကို အဆင်သင့်ပြင်ဆင်ထားပြီဟု ယုံကြည်ထားသည်။
အမေရိကန်အရာရှိများက ယီမင်နိုင်ငံမှ Houthi သူပုန်များသည် အနီးစပ်ဆုံးဖြစ်ပြီး ပင်လယ်နီတွင် သင်္ဘောများကို ပြန်လည် တိုက်ခိုက် မည်ဟု ပြောကြားခဲ့ပြီး အီရတ်နှင့် ဆီးရီးယားရှိ အီရန်ထောက်ခံသည့် လူမျိုးစုများကလည်း အမေရိကန်စစ်စခန်းများကို တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။ တီဟီရန်သည် Hormuz ရေလက်ကြားတွင်လည်း မိုင်းခင်းနိုင် သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အမေရိကန်နှင့် အစ္စရေး အရာရှိများက အဆိုပါသတင်းအချက်အလက်နှင့်ပတ်သက်၍ မှတ်ချက် မပြုသေးပါ။
အမေရိကန်တွင် အရှေ့အလယ်ပိုင်းဒေသတွင် စစ်သည် ၄၀,၀၀၀ ခန့် တပ်စွဲထားပြီး ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများကို အမြင့်ဆုံး သတိ အဆင့်သို့ မြှင့်တင်ထားသည်။
ဇွန် ၁၈ ရက်တွင် CNN က အဆိုပါကိစ္စနှင့်ရင်းနှီးသည့် အမည်မဖော် လိုသူ သတင်းရင်းမြစ် ၂ ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် စစ်တပ်သည် သမ္မတ ထရမ့်က အီရန်ကို တိုက်ခိုက်ရန် အစ္စရေးလေ ယာဉ်များအားပံ့ပိုးရန် အမိန့်ပေးသည့် အခြေအနေအတွက် အသင့် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့သည်။ “ထို့ကြောင့်ပင် လွန်ခဲ့သည့် ရက် အနည်းငယ်အတွင်း လောင်စာဆီတင် လေယာဉ်ပေါင်း ၃၀ ကျော်ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂