တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

News Image

  • တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၇ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၁၁၈၆၄၇၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀၂ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၆၀၈၁၀၈၅) ကိုလည်းကောင်း၊ ဇွန် ၁၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Singapore Airlines လေယာဉ်ခရီးစဉ်အမှတ် SQ-762/ SF - 5799 ဖြင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခရီးသည်တစ်ဦး ၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း၊ အမှတ် (၂) လမ်းမကြီး လေးထောင့်ကန် Max ဆီဆိုင်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၃၃၈၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၀၁၆၆၀၅၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၈ ရက်တွင် နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင် ဇမ္ဗူသီရိမြို့နယ်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၀၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၂၂၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ ရှမ်းချောင်းလမ်းမကြီး AST ဆီဆိုင်အနီး၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း သုံးမျိုး၊ လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၃၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Zhong Tong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၃၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၂၀၅ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၆၀၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ မန္တလေးမြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၃၈၉၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျောက်ဆည်မြို့ မြို့ရှောင်လမ်း ဝင်းထက်ဆီဆိုင်အနီး၌ အေးသာယာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၂၃၆၂၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကို လည်း ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၆၂၅၅၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ် ၁၂ စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၅၉ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၃၆၇၄၂၀၅)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

MNP