အမေရိကန်က အီရန်ကို တိုက်ခိုက်ပါက အရှေ့အလယ်ဒေသပိုင်းတွင် “Pandora’s box” ပွင့်သွားနိုင်သည်ဟု ပညာရှင်များသတိပေး‌

News Image

  • အမေရိကန်က အီရန်ကို တိုက်ခိုက်ပါက အရှေ့အလယ်ဒေသပိုင်းတွင် “Pandora’s box” ပွင့်သွားနိုင်သည်ဟု ပညာရှင်များသတိပေး‌

အမေရိကန်နိုင်ငံသည် အီရန်၏ အဓိက နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အလားအလာရှိပြီး အစ္စရေး-အီရန် ပဋိပက္ခတွင် ပိုမို နီးကပ်စွာ ပါဝင်လာနိုင်သည်ဟု သိရသည်။

အီရန်၏ Fordow Fuel Enrichment Plant အပါအဝင် တောင်အတွင်း ပိုင်းတွင် လျှို့ဝှက်တည်ဆောက်ထားသော နျူကလီးယားစက်ရုံများကို အမေရိကန်က တိုက်ခိုက်နိုင်သည့် အလားအလာများရှိနေပြီး ယင်းသို့ ပါဝင်မှုသည် အရှေ့အလယ်ပိုင်းတွင် ကြီးမားသော ပဋိပက္ခကို စတင် နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးနေသည်။

အစ္စရေး၏ အီရန်နှင့် ၎င်း၏နျူကလီးယားအစီအစဉ်များကို တိုက်ခိုက်မှု များ စတင်ပြီးနောက် အစ္စရေးခေါင်းဆောင်များသည် သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ၎င်းတို့၏တိုက်ခိုက်ရေးလုပ်ငန်းစဉ်ကို အဆုံးသတ်ရန် ကူညီမည် လား ဆိုသည်ကို စောင့်ကြည့်နေကြသည်။

CNN သတင်းထောက်များ၏ အဆိုအရ ထရမ့်သည် အီရန်၏ နျူကလီးယား စက်ရုံများကို အမေရိကန်စစ်တပ်ဖြင့် တိုက်ခိုက်ရန် စဉ်းစားနေပြီး အကျပ်အတည်းကို သံတမန်နည်းဖြင့် ဖြေရှင်းရေးအပေါ် စိတ်အား ထက်သန်မှု လျော့နည်းလာသည်ဟု သိရသည်။

အီရန်နိုင်ငံဆိုင်ရာ ကျွမ်းကျင်သူများက “အမေရိကန်က အီရန်ကို တိုက်ခိုက်ပါက အီရတ်နှင့် အာဖဂန်စစ်ပွဲများထက်ပင် ပိုမိုခက်ခဲသော စစ်ရေး အခြေအနေထဲသို့ ရောက်ရှိသွားနိုင်သည်” ဟု သတိပေးထား သည်။

ဝါရှင်တန်ဒီစီရှိ Quincy Institute ၏ ဒုတိယဥက္ကဋ္ဌ Trita Parsi က CNN သို့ ပြောကြားရာတွင် “အမေရိကန်က တိုက်ခိုက်ပါက အီရန်ဘက်မှလည်း အမေရိကန်၏ဒေသတွင်းစခန်းများကို အပြည့်အဝ တုံ့ပြန်တိုက်ခိုက်မည် ဖြစ်ပြီး အမေရိကန်-အီရန် အကြီးစားစစ်ပွဲ ဖြစ်ပွားနိုင်သည်” ဟု ဆိုသည်။ “တီဟီရန်သည် အမေရိကန်နှင့် ရှည်ကြာစွာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်သော်လည်း ဝါရှင်တန်အတွက်လည်း လွယ်ကူသောစစ်ပွဲမဟုတ်” ဟု ၎င်းကဆိုသည်။

Trita Parsi က “အီရန်သည် နိုင်ငံဧရိယာကျယ်ဝန်းသောကြောင့် အမေရိကန် အနေဖြင့် အီရန်၏တုံ့ပြန်နိုင်စွမ်းကို အပြီးတိုင်ဖျက်ဆီးရန် ပစ်မှတ်များစွာ ကို တိုက်ခိုက်ရမည်” ဟု ထောက်ပြခဲ့သည်။ ထို့အပြင် ထရမ့်၏ အစိုးရ အဖွဲ့အတွင်းတွင် အီရန်နှင့်စစ်ဖြစ်ရန် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု မရှိသည့်အချိန်၌ ထိုကဲ့သို့ပဋိပက္ခစတင်ခြင်းသည် အန္တရာယ်များနိုင်သည် ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

European Council on Foreign Relations ၏ အကြီးတန်း မူဝါဒ ပညာရှင် Ellie Geranmayeh က “အမေရိကန်က အီရန်ကို တိုက်ခိုက်ပါက “Pandora’s box” ပွင့်သွားမည်ဖြစ်ပြီး ထရမ့်သမ္မတသက်တမ်း၏ ကျန်ကာလအားလုံး ကုန်ဆုံးသွားနိုင်သည်” ဟု ဆိုသည်။

“အဆိုပါသေတ္တာကို ဖွင့်လိုက်ပါက အရာရာမည်သို့ဖြစ်သွားမည်ကို မည်သူမျှ ကြိုတင်မသိနိုင်” ဟု Geranmayeh က ရှင်းပြခဲ့သည်။

သို့သော် ၎င်းက “ထရမ့်သည် ယခင်က အီရန်နှင့်စစ်ဖြစ်ခါနီး အခြေအနေမှ နောက်ဆုတ်နိုင်ခဲ့ဖူးပြီး ထိုနည်းတူစွာ ယခုလည်းနောက်ဆုတ်နိုင်စွမ်း ရှိသည်” ဟု မျှော်လင့်ချက်ပေးခဲ့သည်။

(ရှင်းလင်းချက်။ “Pandora’s box” ဆိုသည်မှာ မလိုလားအပ်သည့် ပြဿနာများ၊ အခက်အခဲများ စတင်ဖြစ်ပေါ်စေနိုင်သည့် အရာ (သို့) အဆိုးရွားဆုံး အကျိုးဆက်များ ဖြစ်လာနိုင်သည့် အခြေအနေကို ရည်ညွှန်းသော စကားစုဖြစ်ပါသည်။ ရှေးဟောင်းဂရိဒဏ္ဍာရီအရ Pandora ဆိုသည့် မိန်းကလေးကို နတ်ဘုရားများက လူသားတို့ကို အပြစ်ပေးရန် ဖန်တီးခဲ့ပါသည်။ သူမကို သေတ္တာတစ်လုံး (သို့) အိုးတစ်လုံး ပေးထားပြီး “ဘယ်တော့မှ မဖွင့်နဲ့” ဟု သတိပေးထားသည်။ သို့သော် Pandora က စပ်စုမှုကြောင့် အဆိုပါသေတ္တာကို ဖွင့်လိုက်သောအခါ ကပ်ဘေး၊ ရောဂါ၊ စိတ်ဆင်းရဲမှု၊ မုန်းတီးမှု စသည့် အဆိုးများ အားလုံးထွက်လာခဲ့ပါသည်။ နောက်ဆုံးတွင် “မျှော်လင့်ခြင်း” (Hope) သာ ကျန်ခဲ့သည်ဟု ဆိုပါသည်။)

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂