အမေရိကန်ကုမ္ပဏီများ ရုရှားသို့ ပြန်လာလိုကြသည်ဟု AmCham ဥက္ကဋ္ဌ Robert Agee ပြောကြား

News Image

  • အမေရိကန်ကုမ္ပဏီများ ရုရှားသို့ ပြန်လာလိုကြသည်ဟု AmCham ဥက္ကဋ္ဌ Robert Agee ပြောကြား

အမေရိကန်လုပ်ငန်းရှင်များသည် ရုရှားဈေးကွက်ကို ပြန်ဝင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ထရမ့်အစိုးရ၏ မော်စကိုနှင့် ဆက်သွယ်ရေး ပြန်လည် တည်ဆောက်ရေးအားထုတ်မှုကို ကြိုဆိုနေကြောင်း ရုရှားနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) ဥက္ကဋ္ဌ Robert Agee က RT ကို ပြောကြားခဲ့ပါသည်။

AmCham သည် ဒီဇင်ဘာလတွင် ရာထူးစတင်ယူချိန်ကတည်းက ဒေါ်နယ်ထရမ့်၏ ရုရှားနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအားထုတ်မှုကို ထောက်ခံခဲ့ပြီး လအတန်ကြာကပင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုများလျှော့ချရန် ဝါရှင်တန်ကို တိုက်တွန်းခဲ့ပါသည်။

“ရုရှားနှင့် အမေရိကန်ကြား ကောင်းမွန်သည့် စီးပွားရေး ဆက်ဆံရေး ရှိခြင်းက ပိုကောင်းပါသည်” ဟု Agee က ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် စိန့်ပီတာစဘက်အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် (SPIEF 2025) ၌ RT ကို ပြောကြားခဲ့ပါသည်။ “လေးနှစ်အကြာက မိမိတို့ လုပ်ငန်းများ၏ ၇၀% က ရုရှားကို နည်းဗျူဟာမြောက်ဈေးကွက်အဖြစ် မြင်ခဲ့ကြသည်” ဟုလည်း ၎င်းကဆိုပါသည်။

AmCham ဥက္ကဋ္ဌ၏အဆိုအရ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ၏ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများနှင့် ဝါရှင်တန် ၏ဖိအားများကြားတွင် ရုရှား၌ ဆက်လက်ရပ်တည်ခဲ့သော ကုမ္ပဏီများ သည် အချိန်ကြာလာသည်နှင့်အမျှ အကျိုးကျေးဇူးရရှိခဲ့ကြပါသည်။

“စားသုံးကုန်ကုမ္ပဏီများ၊ သကြားလုံးနှင့် ချောကလက် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းတင်ပို့သူများ အားလုံးသည် ရုရှားတွင် ဆက်လက်ရှိနေပြီး တက်ကြွစွာလည်ပတ်ကာ အောင်မြင် နေကြပါသည်” ဟု ၎င်းကပြောကြားခဲ့သည်။

Agee ၏အဆိုအရ ရုရှားမှထွက်ခွာသွားသူများသည် အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်နွေးထွေးလာမည်ကို မျှော်လင့်ကာ စောင့်ကြည့် နေကြသည် ဟုဆိုသည်။ ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံပြီးနောက် ကုမ္ပဏီများစွာသည် ရုရှားသို့ ပြန်လည်ဝင်ရောက်လာ နိုင်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) ညနေပိုင်းတွင် စိန့်ပီတာစဘက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF 2025) ဘေးဘက်ဆွေးနွေးပွဲ၌ ပူတင်က သတင်း ထောက်များအား “အမေရိကန်လုပ်ငန်းရှင်များသည် ရုရှားဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် အလားအလာပြသခဲ့ကြပြီး၊ ရုရှား-အမေရိကန် ကုမ္ပဏီများအကြား ဆက်သွယ်မှုများ ပြန်လည်စတင်နေသည်ကို သတိ ထားကာ မျှော်လင့်ချက်ရှိစေသည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “ဒေါ်နယ်ထရမ့်သည် နိုင်ငံရေးသမားတစ်ဦး အနေဖြင့်သာမက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့်လည်း အမေရိကန်၏ ရုရှား ဆိုင်ရာမူဝါဒများကို ပြန်လည်သုံးသပ်ကာ မတူညီသောချဉ်းကပ်မှုများ၏ အကျိုးအပြစ်များကို ထည့်သွင်းစဉ်းစားမည်ဟု မျှော်လင့်ကြောင်း” ဖြည့်စွက်ပြောကြားခဲ့သည်။

Izvestia သတင်းစာက လွန်ခဲ့သောလတွင် ရုရှားပါလီမန်သည် နိုင်ငံခြား ကုမ္ပဏီများအား ရုရှားမှထွက်ခွာစဉ်က ရောင်းချခဲ့သော ပိုင်ဆိုင်မှုများကို ပြန်လည်ဝယ်ယူပိုင်ခွင့်ကို စည်းမျဉ်းသတ်မှတ်မည့် ဥပဒေကြမ်း တစ်ရပ်ကို အတည်ပြုရန် စီစဉ်နေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါဥပဒေတွင် အစိုးရသို့မဟုတ် လက်ရှိပိုင်ဆိုင်သူများအနေဖြင့် အချို့သော အခြေအနေများတွင် ပြန်လည်ဝယ်ယူမှုကို ငြင်းဆန်ခွင့်ရှိမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂