ဟန်ဂေရီ ရဲတပ်ဖွဲ့က ဘူဒါပက်စ်မြို့၌ ကျင်းပမည့် Pride ချီတက်ပွဲကို တားမြစ်

News Image

  • ဟန်ဂေရီ ရဲတပ်ဖွဲ့က ဘူဒါပက်စ်မြို့၌ ကျင်းပမည့် Pride ချီတက်ပွဲကို တားမြစ်

ဟန်ဂေရီ ရဲတပ်ဖွဲ့က လာမည့် ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် LGBTQ+ လိင်တူချစ်သူများ အသိုင်းအဝိုင်း၏ ဘူဒါပက်စ် Pride ချီတက်ပွဲကို တားမြစ်လိုက်ကြောင်း ကြာသပတေးနေ့ (ဇွန် ၁၉) က ထုတ်ပြန်ကြေညာခဲ့ ပါသည်။

ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ လက်ယာယိမ်းအစိုးရ Fidesz ပါတီ အင်အားကြီးထွားနေသည့် ဟန်ဂေရီပါလီမန်က မတ်လအတွင်းတွင် ကလေး သူငယ်များကို ကာကွယ်ရန်ဆိုသည့် အကြောင်းပြချက်နှင့် LGBTQ ချီတက်ပွဲများကို ရဲတပ်ဖွဲ့က တားမြစ်နိုင်သည့် ဥပဒေတစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။

ဘူဒါပက်စ်မြို့တော်ဝန် လစ်ဘရယ်ဝါဒီ Gergely Karacsony က ယင်း ဥပဒေကို ဆန့်ကျင်ရန်ကြိုးစားခဲ့ပြီး တနင်္လာနေ့ (ဇွန် ၁၆) က ဘူဒါပက်စ် Pride ချီတက်ပွဲကို မြို့တော်အစိုးရပွဲအဖြစ်ကျင်းပမည်ဟု ကြေညာကာ “အာဏာပိုင်တွေဆီက ခွင့်ပြုချက်တောင်းစရာ မလို” ဟု ဆိုခဲ့ပါသည်။

သို့သော် ဘူဒါပက်စ်မြို့တော်ရဲတပ်ဖွဲ့က မြို့တော်ဝန် ကျင်းပမည့်ပွဲကိုလည်း အဆိုပါဥပဒေအတိုင်း သက်ရောက်စေမည်ဟုဆိုကာ တားမြစ်လိုက် ပါသည်။

Karacsony က ဖေ့စ်ဘွတ်တွင် ရဲတပ်ဖွဲ့၏ တားမြစ်ချက်က အရေးမပါဟု ပြောဆိုပြီး အာဏာပိုင်များထံသို့ ပွဲစီစဉ်မှုအကြောင်း တရားဝင် အကြောင်းကြားထားခြင်း မရှိသေးဟု ဆိုပါသည်။

“မြို့တော်အစိုးရအနေဖြင့် ဟန်ဂေရီလွတ်လပ်ရေးနေ့ဖြစ်သည့် ဇွန်လ ၂၈ ရက်တွင် ဘူဒါပက်စ် Pride လွတ်လပ်ရေးချီတက်ပွဲကို မြို့တော်ပွဲ အဖြစ် ကျင်းပမည်” ဟု မြို့တော်ဝန်က ရေးသားခဲ့ပါသည်။ လူပေါင်း သောင်းချီ၍ ၎င်းချီတက်ပွဲကို တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ဆိုသည်။

အော်ဘန်သည် ၂၀၂၆ ခုနှစ်တွင် စိန်ခေါ်မှုများပြည့်နှက်နေသည့် ရွေးကောက်ပွဲကို ရင်ဆိုင်ရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို ခြိမ်းခြောက်နေသည့် အတိုက်အခံပါတီသစ်တစ်ခု ပေါ်ထွက်လာနေကြောင်း သိရှိရ ပါသည်။

၎င်းအစိုးရ၏ ခရစ်ယာန် ရှေးရိုးစွဲမူဝါဒများနှင့် LGBTQ အသိုင်းအဝိုင်းကို တိုက်ဖျက်ရေး စည်းရုံးမှုများသည် Fidesz ပါတီ၏ အခြေခံမဲဆန္ဒရှင်များကို ကျေနပ်စေရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် ကျေးလက်ဒေသ မှ မဲဆန္ဒရှင်များဖြစ်သည်။

အော်ဘန်က ဖေဖော်ဝါရီလအတွင်းတွင် Pride ပွဲကို ဘူဒါပက်စ်၌ ယခု နှစ်ကျင်းပရန် စဉ်းစားစရာ မလိုဟု ပြောဆိုခဲ့ပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂