ရုရှားသမ္မတဟောင်းက ချာနိုဘိုင်းကဲ့သို့ အခြေအနေသစ် ဖြစ်လာနိုင်ကြောင်း သတိပေး

News Image

  • ရုရှားသမ္မတဟောင်းက ချာနိုဘိုင်းကဲ့သို့ အခြေအနေသစ် ဖြစ်လာနိုင်ကြောင်း သတိပေး

ရုရှား သမ္မတဟောင်း ဒမီထရီ မက်ဗ်ဒက်ဗ်က ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း အဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲကာ ရေဒီယိုသတ္တိကြွဓာတ်များ ယိုစိမ့် သကဲ့သို့ အဏုမြူဘေးအန္တရာယ်တစ်ခု ဖြစ်ပွားနိုင်ကြောင်း သတိ ပေးခဲ့သည်။

အစ္စရေးတို့က အီရန်နိုင်ငံရှိ အဏုမြူစက်ရုံများကို တိုက်ခိုက်ပါက ယင်းသို့ဘေးအန္တရာယ်ဖြစ်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ခိုင်ခံ့စွာကာကွယ်ထားသော Fordow အဏုမြူစက်ရုံကို တိုက်ခိုက်ရန် စဉ်းစားနေကြောင်း သတင်း များထွက်ပေါ်နေပြီး ယင်းစက်ရုံကို တောင်အတွင်းနက်ရှိုင်းစွာ တည်ဆောက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိစေရန် ပြုလုပ်ထားသည်။ အမေရိကန်သည် ၎င်း၏ GBU-57 ဘန်ကာဖျက်ဆီးရေးဗုံးများကို အသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်ရန် စဉ်းစားနေကြောင်း သိရပြီး အစ္စရေးတွင် ယင်းကဲ့သို့သော စစ်ရေးစွမ်းရည်မျိုး မရှိပေ။

ရုရှား၏ လုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌဖြစ်သူ မက်ဗ်ဒက်ဗ်က “အဏုမြူ စက်ရုံများကို တိုက်ခိုက်ခြင်းသည် အလွန်အန္တရာယ်များပြီး ချာနိုဘိုင်း အဖြစ်အပျက်ကို ထပ်မံဖြစ်ပွားစေနိုင်ကြောင်း ၊ အီရန်၏ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ အကြောင်း ကျယ်လောင်စွာပြောဆိုနေသော အစ္စရေးကာကွယ်ရေးဝန်ကြီးပင် နားလည်သင့်သည်” ဟု လူမှု ကွန်ရက် ပေါ်တွင် ရေးသားခဲ့သည်။

ကြာသပတေးနေ့ (ဇွန် ၁၉) အစောပိုင်းတွင် အစ္စရေးကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်၏အမြင့်ဆုံးခေါင်းဆောင် အယာ တိုလာ အလီ ခါမေနီ အား "ခေတ်ပေါ်ဟစ်တလာ" ဟုရည်ညွှန်းကာ "ဆက်လက်ရှင်သန်ခွင့်မပြုတော့ပါ" ဟု ပြောကြားခဲ့သည်။

The Guardian သတင်းစာက ကြာသပတေးနေ့တွင် အမေရိကန် အရာရှိများသည် GBU-57 ဗုံးများ၏ အကျိုးသက်ရောက်မှုရှိမရှိကို သံသယရှိနေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါအစီရင်ခံစာအရ အချို့ အရာရှိများက Fordow စက်ရုံကို ပျက်စီးစေရန် “မဟာဗျူဟာမြောက် အဏုမြူလက်နက်သာ အထိရောက်ဆုံးဖြစ်မည်” ဟုဆိုသော်လည်း သမ္မတဒေါ်နယ်ထရမ့်သည် ထိုရွေးချယ်မှုကို စဉ်းစားနေခြင်း မရှိဟု သိရသည်။

အိမ်ဖြူတော်က ယင်းသတင်းများကို ပယ်ချခဲ့ပြီး “အမေရိကန် စစ်တပ် သည် ဘန်ကာဖျက်ဗုံးများဖြင့် အလုပ်ပြီးမြောက်နိုင်သည်ဟု ယုံကြည်ပြီး မည်သည့်ရွေးချယ်မှုကိုမှ ဖယ်ရှားထားခြင်း မရှိကြောင်း” အမည် မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Fox News သတင်းဌာနမှ ဖော်ပြခဲ့သည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt ကလည်း အမေရိကန်၏ စစ်ရေးလုပ်ဆောင်မှုဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရက်သတ္တပတ် ၂ ပတ်အတွင်း ချမှတ်မည်ဟု ပြောကြား ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် သည် ဗုဒ္ဓဟူး (ဇွန် ၁၈) ညတွင် သတင်း မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု၌ “တိုက်ခိုက်မှုများ ရှိသော်လည်း အီရန်၏ မြေအောက်အဏုမြူအဆောက်အအုံများ အလုပ်လုပ်ဆဲ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ မော်စကိုသည် တင်းမာမှု လျှော့ချရေး ကို တောင်းဆိုနေပြီး ကြားဝင်ဖျန်ဖြေရေးအနေဖြင့် ၎င်းကိုယ်တိုင် ဆောင်ရွက်ရန် အဆိုပြုထားသည်။

သောကြာနေ့ (ဇွန် ၂၀) တွင် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ် က အမေရိကန်၏ မဟာဗျူဟာမြောက်အဏုမြူလက်နက် အသုံးပြုနိုင်သည်ဆိုသော သတင်းများအား “အထင်အမြင် လွဲမှားစေသော ကောလာဟလ” ဟု ရှုတ်ချခဲ့ပြီး ထိုကဲ့သို့လုပ်ဆောင်ပါက “ကပ်ဘေးဆိုက်ရောက်မှု” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂