NATO ၏ ၅% ကာကွယ်ရေး ဘတ်ဂျက် အသုံးစရိတ် တောင်းဆိုမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေ

News Image

  • NATO ၏ ၅% ကာကွယ်ရေး ဘတ်ဂျက် အသုံးစရိတ် တောင်းဆိုမှုနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေ

စပိန်ဝန်ကြီးချုပ် Pedro Sanchez သည် NATO အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် စစ်ရေးအသုံးစရိတ်များကို ၎င်းတို့၏ GDP ၏ ၅% အထိ တိုးမြှင့်ရန် အဆိုပြုချက်ကို ပယ်ချကာ ထိုအကြံပြုချက်သည် “မဖြစ်နိုင်သည့်အပြင် ပြောင်းပြန်အကျိုးသက်ရောက်မှုရှိသည်” ဟု ဝေဖန်ခဲ့သည်။

အမေရိကန်သမ္မတ Donald Trump မှ ၅% ရည်မှန်းချက် တောင်းဆိုပြီးနောက် NATO အထွေထွေအတွင်းရေးမှူး Mark Rutte က အဖွဲ့ဝင် နိုင်ငံအားလုံးအနေဖြင့် စစ်ရေးအသုံးစရိတ်ကို GDP ၏ ၃.၅% အထိ တိုးမြှင့်ရန်နှင့် အခြားလုံခြုံရေးအသုံးစရိတ်များအတွက် နောက်ထပ် ၁.၅% ထပ်မံသုံးစွဲရန် တိုက်တွန်းခဲ့သည်။

Sanchez က ၎င်း၏သဝဏ်လွှာတွင် “စပိန်နိုင်ငံသည် လာမည့်နှစ်များ နှင့် ဆယ်စုနှစ်များအတွင်း ၎င်း၏တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပြီး ဥရောပလုံခြုံရေးအစီအစဉ်အတွက် တက်ကြွစွာ ပါဝင် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း စပိန်နိုင်ငံအနေဖြင့် အဆိုပါ ထိပ်သီး အစည်းအဝေးတွင် GDP ၏ ရာခိုင်နှုန်းအနေဖြင့် အသုံးစရိတ် ရည်မှန်း ချက်ကို ကတိမပြုနိုင်ပါ။ ထိုစွန့်စားမှုများကို ပြုလုပ်ရန် သဘောတူ၊ မတူ ဆုံးဖြတ်ရန်မှာ အစိုးရတိုင်း၏ တရားဝင်အခွင့်အရေးဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်မဟာမိတ်နိုင်ငံတစ်ခုအနေဖြင့် မိမိတို့သည် မပြုလုပ်ရန် ရွေးချယ်ပါသည်” ဟု ရေးသားခဲ့သည်။

စပိန်နိုင်ငံသည် လက်ရှိတွင် အခြားအနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက စစ်ရေးအသုံးစရိတ်အတွက် ၎င်း၏ GDP ၏ ၁.၃% ခန့်သာ သုံးစွဲနေခြင်း ဖြစ်ပြီး NATO ၏ ၂% ရည်မှန်းချက်ထက် သိသိသာသာ လျော့နည်း နေသည်။

Rutte က ယခင်က တိုးမြှင့်သုံးစွဲမည့် စစ်ရေးအသုံးစရိတ်များအတွက် ဥရောပသမဂ္ဂတစ်ဝှမ်းလုံးရှိ လူမှုဖူလုံရေးအစီအစဉ်များကို လျှော့ချရန် တောင်းဆိုခဲ့ဖူးသည်။

Trump သည် ဇန်နဝါရီလတွင် ရာထူးတက်ပြီးနောက် ဥရောပ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို ပိုမိုသုံးစွဲရန် တိုက်တွန်းမှုများ ပြင်းထန်လာခဲ့ပြီး ၎င်းတို့အနေဖြင့် တာဝန်ကို တူညီ မျှတစွာ မထမ်းဆောင်ကြဟု အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။

ဇွန်လ ၂၄-၂၅ ရက်နေ့များတွင် The Hague ၌ ကျင်းပမည့် NATO ထိပ်သီး အစည်းအဝေးသည် အလုပ်အစည်းအဝေး တစ်ခုတည်းသာပါဝင်ပြီး နှစ်နာရီခွဲကြာမြင့်မည့် ပုံမှန်မဟုတ်သော တိုတောင်းသည့် အစည်းအဝေး ဖြစ်လိမ့်မည်ဟု The Times သတင်းစာက ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) တွင် ဖော်ပြခဲ့သည်။ 

သတင်းစာက Trump ၏ ရှည်လျားသော သံတမန်ရေးရာ အစည်းအဝေးများကို မနှစ်သက်ခြင်းကို ထည့်သွင်းစဉ်းစားကာ ထိပ်သီးအစည်းအဝေး၏ ပုံစံကို ပြောင်းလဲခဲ့သည်ဟု ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂