အီရန်သည် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင်ကို အသုံးပြုပိုင်ခွင့်ရှိသည်ဟု ပူတင်ဆို
အီရန်သည် ငြိမ်းချမ်းရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် နျူကလီးယား နည်းပညာကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ စနေနေ့ (ဇွန် ၂၁) က စိန့်ပီတာစဘတ်အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် (SPIEF) ၏ အစည်းအဝေးအပြီးတွင် ဖိုရမ်အစီအစဉ်တင်ဆက်သူနှင့် Sky News Arabia ၏ အထွေထွေမန်နေဂျာ Nadim Koteich တို့နှင့် ဆွေးနွေး ခဲ့သည်။
“အီရန်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုပိုင်ခွင့်ရှိသည်ဟု မိမိတို့ယုံကြည်ပါသည်။ ထို့အပြင် ယခင်နှစ်များကကဲ့သို့ပင် အဆိုပါနယ်ပယ်တွင် လိုအပ်သော အထောက်အပံ့များကိုပေးအပ်ရန် မိမိတို့ အဆင်သင့်ဖြစ်နေပါသည်” ဟု ရုရှားသမ္မတက ပြောကြားခဲ့သည်။
ပူတင်က ရုရှားနိုင်ငံသည် မည်သည့်နိုင်ငံတွင်မဆို နျူကလီးယား လက်နက်များ ပျံ့နှံ့မှုကို ဆန့်ကျင်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။ “အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်သည် နျူကလီးယားလက်နက်ရရှိရန် ကြိုးပမ်းနေကြောင်းအတည်ပြုနိုင်သည့် အထောက်အထား မရှိသေးကြောင်း အတည်ပြု ထားသည်။
လွန်ခဲ့သည့်သီတင်းပတ်က အစ္စရေးသည် အီရန်နိုင်ငံအား တိုက်ခိုက်မှုများ စတင်ခဲ့ပြီး ၎င်း၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ပြင်းထန်သော သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ တီဟီရန်သည် နျူကလီးယား လက်နက်များ ရယူရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲထားသော အရေးကြီးသည့် အဆင့်တစ်ခုသို့ လျင်မြန်စွာ နီးကပ်လာနေပြီဖြစ်ကြောင်း အစ္စရေး ကဆိုကာ ယင်းသို့မဖြစ်ပွားစေရန် အဆိုပါတိုက်ခိုက်မှုများသည် အရေးပါသည်ဟု ဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂