အမေရိကန်က အီရန်၏ နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ နျူကလီးယား စက်ရုံ သုံးခုဖြစ်သော Fordow ၊ Natanz နှင့် Esfahan တို့ကို ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
“မိမိတို့သည် Fordow ၊ Natanz နှင့် Esfahan အပါအဝင် အီရန်၏ နျူကလီးယားစက်ရုံသုံးခုကို အောင်မြင်စွာ တိုက်ခိုက်ပြီးစီးခဲ့ပါပြီ၊ လေယာဉ် အားလုံးသည် ယခုအခါ အီရန်၏ လေကြောင်းနယ်နိမိတ်အပြင်သို့ ရောက်ရှိသွားပါပြီ။ အဓိကစက်ရုံ Fordow ကို ထိထိရောက်ရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လေယာဉ်အားလုံးသည် လုံခြုံစွာဖြင့် ပြန်လည် ရောက်ရှိ ခဲ့ပြီဖြစ်ပါသည်” ဟု ထရမ့်က ရေးသားခဲ့သည်။
၎င်းသည် ထိုစစ်ဆင်ရေးကို ချီးကျူးခဲ့ပြီး “မိမိတို့၏ ကြီးမြတ်သော အမေရိကန်စစ်သည်တော်များကို ဂုဏ်ပြုပါသည်။ ထိုကဲ့သို့ လုပ်ဆောင် နိုင်သည့် အခြားစစ်တပ်မရှိပါ” ဟု ဖြည့်စွက်ခဲ့သည်။
ထိုသတင်းစကားတွင် အမေရိကန်ခေါင်းဆောင်က တီဟီရန်အား ပြန်လည် တုံ့ပြန်တိုက်ခိုက်ခြင်းမပြုဘဲ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်ဟု ဖော်ပြထားသည်။
တီဟီရန်ဘက်မှ ယခုအချိန်အထိ တုံ့ပြန်ချက်မရှိသေးပေ။ အီရန် စစ်တပ် က ယခင်က အမေရိကန်နှင့် အခြားတတိယပါတီများအား ပဋိပက္ခတွင် ပါဝင်ခြင်းမပြုရန် သတိပေးခဲ့ပြီး အစ္စရေးသို့ ပို့ဆောင်နေသော စစ်ရေး ပစ်မှတ်များနှင့် လက်နက်တင်သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ယီမင်ရှိ ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကလည်း အမေရိကန် ပါဝင်ပါက “အနီးရှိ ပင်လယ်အတွင်းမှ ၎င်း၏စစ်သင်္ဘောများကို ပစ်မှတ် ထားမည်” ဟု သတိပေးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂