အီရန်က အမေရိကန်ကို အဏုမြူလက်နက်များ ပျံ့နှံ့မှု တားဆီးရေး စာချုပ် ချိုးဖောက်မှုဖြင့် စွပ်စွဲ

News Image

  • အီရန်က အမေရိကန်ကို အဏုမြူလက်နက်များ ပျံ့နှံ့မှု တားဆီးရေး စာချုပ် ချိုးဖောက်မှုဖြင့် စွပ်စွဲ

အီရန်နိုင်ငံက အမေရိကန်သည် အဏုမြူစက်ရုံများကို ညပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အဏုမြူလက်နက်မပျံ့နှံ့ရေးစာချုပ် (NPT) ကို ချိုးဖောက်ခဲ့သည် ဟု စွပ်စွဲခဲ့ကာ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများတွင် ရေဒီယို သတ္တိကြွ ညစ်ညမ်းမှု မတွေ့ရှိရကြောင်း အာမခံပြောကြားခဲ့သည်။

တနင်္ဂနွေ (ဇွန် ၂၂) နံနက်စောစောတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန် ကြေညာချက်တစ်ရပ်တွင် အီရန်၏ အဏုမြူစွမ်းအင်အဖွဲ့ (AEOI) က အမေရိကန်၏ လေတပ်မှ ဒေသစံတော်ချိန် နံနက်စောစောအချိန်တွင် ဖော်ဒိုး (Fordow)၊ နတန်ဇ် (Natanz) နှင့် အစ္စဖာဟန် (Isfahan) ရှိ ၎င်း၏ အဏုမြူစက်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ထိုလုပ်ရပ်အား တရားမဝင်ပြီး “ရက်စက်ကြမ်းကြုတ်သော” လုပ်ရပ် တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

အီရန်အာဏာပိုင်များက အပြည်ပြည်ဆိုင်ရာ စစ်ဆေးသူများ၏ ကြီးကြပ်မှု အောက်တွင် လည်ပတ်နေသည့် စက်ရုံများကို ဝါရှင်တန်မှ တိုက်ခိုက်ခဲ့ခြင်းအတွက် ဝေဖန်ခဲ့ကြသည်။

“အဆိုပါလုပ်ရပ်ကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ လျစ်လျူရှုမှုနှင့်ပင် ထောက်ခံမှုရပ်ဝန်းအောက်တွင် ဆောင်ရွက်ခဲ့ခြင်းမှာ ဝမ်းနည်းဖွယ်ရာပင်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂